လာမည့် တနင်္လာနေ့ အဲဗာတန်နဲ့ ကစားရမယ့် မာဆေးဆိုက်ဒါဘီ ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ယာဂန်ကလော့က ဝုဖ်ဗာဟမ်တန်ကို ၃-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ပြီးနောက် သူ့ကစားသမားတွေကို ဘာကြောင့် ၂ ရက် အနားပေးခဲ့သလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။ ဒီပွဲစဉ် ၂ ပွဲကြားမှာ ၉ ရက် ကွာဟမှု ရှိနေပြီး ယာဂန်ကလော့ အနေနဲ့ အဲဗာတန်နဲ့ ပွဲစဉ်အတွက် ပြင်ဆင်ရန် အချိန်တွေ အများကြီး ရှိခဲ့ပါတယ်။
Molineux မှာ ဝုဖ်ဗာဟမ်တန်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ကလော့ဟာ တနင်္ဂနွေနေ့က the AXA Training Centre မှာ ကစားသမားတွေနဲ့ စကား အနည်းငယ် ပြောဆိုပြီးနောက် ၎င်းတို့ကို တနင်္လာနေ့ နဲ့ အင်္ဂါနေ့ တို့မှာ နားရက်ပေးခဲ့ပါတယ်။ လီဗာပူး နည်းပြက သူနဲ့ သူ့ကစားသမားတွေဟာ ယခုလို short break ကနေ အကျိုးတရား ရရှိလိမ့်မယ်လို့ ယုံကြည်နေပြီး သူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက လေ့ကျင့်ရေးကွင်းကနေ သိပ်ပြီး မကောင်းလှတဲ့ mood နဲ့ ထွက်ခွာသွားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ကစားသမားတွေကို ဘာ့ကြောင့် နားရက်တစ်ချို့ ပေးခဲ့သလဲဆိုတဲ့ မေးခွန်းထုတ်မှုကို ကလော့က ”
ယာဂန်ကလော့က “ဂျာမနီမှာတော့ ဒီမေးခွန်းကို ဒီထက်စောပြီး မေးကြမှာပါ။ သူတို့က ‘အသင်းက ဒီလို အခြေအနေ ဖြစ်နေချိန်မှာ ဘာ့ကြောင့်များ နားရက် ပေးရတာလဲ?’ ဆိုပြီး ပြောကြမှာပါ။ အင်္ဂလန်မှာတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး အေးအေးဆေးဆေး ရှိတဲ့ပုံစံပါပဲ။ ကစားသမားတွေကို နေ့တိုင်း လေ့ကျင့်ခိုင်းလို့ မရနိုင်ပါဘူး။ ဝုဖ်နဲ့ ပွဲစဉ်မှာ ဆိုးရွားစွာ ကစားခဲ့ပြီးနောက် နောက်တရက်မှာ ကျနော်တို့ analysis လုပ်ခဲ့သလို အချင်းချင်း စကားပြောဆိုမှုတွေလည်း လုပ်ခဲ့ပါတယ်။ အဲဒီနောက် ကစားသမားတွေကို နားရက် ၂ ရက်ပေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တနင်္ဂနွေနေ့နဲ့ လာမည့်တစ်ပတ် တနင်္လာကြားမှာ ရက်တွေ အများကြီး ရှိနေလို့ပါ။

ဒါပေမယ့် ကောင်လေးတွေကို တနင်္ဂနွေနေ့မှာ လေ့ကျင့်ခန်းတစ်ချို့ ဒါမှမဟုတ် recovery တို့ဘာတို့ လုပ်ခိုင်းကာ တနင်္လာနေ့ကနေ စပြီး အဲဗာတန်နဲ့ ပွဲစဉ်မတိုင်မီ အထိ လေ့ကျင့်ခိုင်းလို့ ရပါတယ်။ ဒါဟာ အကူအညီတော့ လုံးဝ မဖြစ်ပါဘူး။ ပိုတောင် ဆိုးသွားနိုင်သလို ဒဏ်ရာတွေလည်း ရနိုင်ပါတယ်။ ဒါဟာ ပြသနာတွေ အများကြီး ရှိသွားစေနိုင်ပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် တနင်္ဂနွေနေ့က သူတို့ကို စကားတွေ ပြောဆိုခဲ့ပြီးနောက် ၂ ရက်လောက် အချင်းချင်း မတွေ့တာဟာ အဓိပ္ပာယ် ရှိတယ်လို့ တွေးမိခဲ့ပါတယ်။ ဒါဟာ အကူအညီ ဖြစ်ခဲ့ပါတယ်။
ကျနော်ဟာ တနင်္ဂနွေနေ့က လေ့ကျင့်ရေးကွင်းကနေ သာမန် mood နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ပြန်လာချိန်မှာတော့ ကျနော့်ရဲ့ mood ပြန်ကောင်းသွားခဲ့ပါတယ်။ ကျနော် အလုပ်တွေ အများကြီး လုပ်ကာ ကျော်ဖြတ်ခဲ့ရပါတယ်။ ဥပမာ ဖုန်းခေါ်ဆိုမှုတွေ အများကြီး လုပ်ခဲ့ရတွေပေါ့။ ဒီနှစ်ရက်ပြီးနောက် ကျနော့်ရဲ့ mood က ပိုကောင်းသွားခဲ့ပြီး တနင်္ဂနွေနေ့က အခြေအနေနဲ့ လုံးဝ ခြားနားသွားခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနားရက် ၂ ရက်ဟာ အကျိုးများခဲ့ပါတယ်။ ဒါဟာ အရမ်းကို ကောင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။” လို့ ရှင်းပြလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ လေ့ကျင့်ရေး အစီအစဉ် ပြန်လည် စတင်ရာမှာတော့ the Reds တို့အတွက် သတင်းကောင်း ရှိခဲ့ပြီး ဒီယိုဂိုဂျိုတာဟာ လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်ခဲ့ပြီး ကလော့က ပေါ်တူဂီစတားဟာ အဲဗာတန်နဲ့ ပွဲစဉ်အတွက် available ဖြစ်နိုင်တယ်လို့ ဆိုလိုက်ပါတယ် ။ ဖာမီနိုနဲ့ အာသာ တို့ကလည်း ပြန်ကစားနိုင်ရန် နီးစပ်မှု ရှိနေပြီး ဗာဂျယ်ဗန်ဒိုက်ကလည်း ကောင်းကောင်း တိုးတက်နေပါတယ်။ ဒါပေမယ့်လည်း တီယာဂိုအယ်ကန်တာရာ ကတော့ တင်ပါးကြွက်သား ဒဏ်ရာကြောင့် အနားယူရဖို့ ရှိနေပါတယ်။






