ဝင်ဘလေမှာ ကစားတဲ့ပွဲမှာ မန်ယူအတွက် ဖလားဆွတ်ခူးနိုင်ဖို့အတွက် တန်းဟက်က အဘက်ဘက်က တကယ်ပဲ ပြင်ဆင်လာခဲ့ပါတယ်။ မန်ယူအသင်းက ခံစစ်အတွင်းလူနေရာမှာ လက်ရှိတွဲဘက်အညီဆုံးဖြစ်တဲ့ မာတီနက်ဇ်နဲ့ ဗာရန်းကို တွဲဘက်ပေးခဲ့ပြီး ကွင်းလယ်အထိုင် နေရာမှာ ဘရာဇီး ကစားသမားနှစ်ဦးဖြစ်တဲ့ ဖရက်ဒ်နဲ့ ကာဆီမီရိုတို့ကို လှုပ်ရှားစေခဲ့ပါတယ်။

ခံစစ်အစွန်နေရာမှာတော့ လုခ်ရှောနဲ့ ဒါးလော့ကို သုံးထားပါတယ်။ ကွင်းလယ်တိုက်စစ်နေရာမှာ ရက်ရှ်ဖို့ကို သူအကြိုက်ဆုံးနေရာဖြစ်တဲ့ ဘယ်တောင်ပံမှာထားပြီး အိုင်းယက်စ်က ခေါ်လာတဲ့ တပည့်ဟောင်း အန်ထော်နီကို ညာတောင်ပံမှာထားကာ ဖာနန်ဒက်စ်ကို ကွင်းလယ်ကနေထိုးဖောက် ကစားစေခဲ့ပါတယ်။ ဝက်ဂ်ဟော့စ်ကို အထောင်တိုက်စစ်မှူးအဖြစ်သုံးခဲ့ပါတယ်။

နယူးကာဆယ်ကတော့ ၄-၃-၃ ပုံစံကို သုံးပြီး ဂိုးသမားနေရာမှာ ကားရီးယပ်စ်ကို ကစားစေခဲ့ပါတယ်။ ခံစစ်အတွင်းလူများအဖြစ် ဘော့တ်မန်းနဲ့ ရှားကို ထားပြီး ထရစ်ပီယာနဲ့ ဘန်းတို့က ခံစစ်အစွန်နေရာမှာ ကစားခဲ့ပါတယ်။ ကွင်းလယ်မှာ ဂျိုလင်တန် ဂူမာရေးနဲ့ လောင်းစတက်ဖ်တို့ကစားပြီး ဂျိုလင်တန်က တိုက်စစ်ကို အဓိက လိုက်ပါကစားကာ ကျန်နှစ်ယောက်က ခံစစ်ကို ဦးစားပေးကစားခဲ့ပါတယ်။ တိုက်စစ်မှူးအဖြစ် ဝီလ်ဆင်ကိုထားပြီး စိန့်မက်ဆင်နဲ့ အယ်လ်မီရွန်တို့က တောင်ပံကနေထိုးဖောက်ကစားဖို့ မန်နေဂျာ အက်ဒီဟောင်းက စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။
နှစ်သင်းစလုံးက ပွဲစကတည်းက ထိုးဖောက်ကစားဖို့ကြိုးစားခဲ့ကြပါတယ်။ ပွဲအစ ၂ မိနစ်လောက်မှာ ရက်ရှ်ဖို့ ဘောလုံးရပြီး ပြိုင်ဘက်ဂိုးရှေ့ချိုးပေးလိုက်တာကို ဖာနန်ဒက်စ် ပြေးဝင်ပိတ်ပေမယ့်လည်း မထိလိုက်လို့ဂိုးမရခဲ့ပါဘူး။ နယူးကာဆယ်တောင်ပံကစားသမားတွေဖြစ်တဲ့ စိန့်မက်ဆင်နဲ့ အယ်လ်မီရွန် တို့က မန်ယူနောက်တန်းကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မန်ယူခံစစ်အစွန်ကစားသမား ဒါးလော့က ပွဲအစ ၇ မိနစ်လောက်ကတည်းက အဝါကတ်ပြခံခဲ့ရပါတယ်။
မန်ယူအသင်းကို ဆရာကြီးဖာဂူဆန်အပြင် အမေရိကန်ပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုဝင် အချို့လည်း ဝင်ဘလေမှာ လာရောက်အားပေးခဲ့ကြပါတယ်။ နယူးကာဆယ်ဘက်ကိုလည်း သူတို့ရဲ့ ဂန္ထဝင်တိုက်စစ်မှူး ရှီးယားရားလာကြည့်တာကို တွေ့ခဲ့ရပါတယ်။
ပွဲချိန် ၃၃ မိနစ်မှာ လုခ်ရှော ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ကာဆီမီရို ခေါင်းခုန်တိုက်ပြီး မန်ယူတို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ ကာဆီမီရိုက သူ့ကစားသမားဘဝသက်တမ်းတစ်လျှောက် အရေးပါတဲ့ ဗိုလ်လုပွဲ ၁၂ ကြိမ်ကစားရာမှာ ၁၀ ကြိမ်အနိုင်ရတဲ့ မှတ်တမ်း ရရှိထားပါတယ်။
ကာဆီမီရိုကို လူကျွံသလားလို့ ဗီအေအာကြည့်ပြီးတဲ့နောက်မှာ ဂိုးကို အတည်ပြုပေးခဲ့တာကြောင့် မန်ယူက ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ သိပ်မကြာမီမှာပဲ ဖရက်ဒ်အဝါကတ်ထိခဲ့ပါသေးတယ်။
ပွဲချိန် ၃၉ မိနစ်မှာ မန်ယူက ဒုတိယဂိုးကို ရရှိခဲ့ပါတယ်။ မန်ယူနောက်တန်းက ပေးပို့လိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ဝက်ဂ်ဟော့စ်က ထိန်းပြီး ရက်ရှ်ဖို့ဆီပေးပို့ခဲ့ပါတယ်။ ရက်ရှ်ဖို့က သူ့ထုံးစံအတိုင်းဆွဲပြေးပြီး ကန်သွင်းရာမှာ နယူးကာဆယ်နောက်တန်းက ခံစစ်မှူး ဘော့တ်မန်းနဲ့ ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီဂိုးကို ဘော့တ်မန်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှု အဖြစ် သတ်မှတ်ခဲ့ပါတယ်။ မန်ယူတို့က ပထမပိုင်းအပြီးမှာ ၂-၀ နဲ့ ဦးဆောင်နေနိုင်ပါတယ်။
ဒုတိယပိုင်းပြန်စတော့ မန်ယူက ဒါးလော့နေရာမှာ ဝမ်ဘစ်ဆာကာကို လူစားလဲခဲ့ပြီး နယူးကာဆယ်ကလည်းလောင်းစတက်ဖ်နေရာမှာ အလက်ဇန်းဒါးအိုက်ဆက်ကို လူစားလဲခဲ့ပါတယ်။ မန်ယူနဲ့ နယူးကာဆယ်တို့ အပြန်အလှန်ထိုးဖေက်ကြပေမယ့် ဒုတိယပိုင်း မိနစ် ၇၀ ကျော်သည်အထိ ဂိုးထပ်သွင်းနိုင်တာမရှိခဲ့ပါဘူး။
မိနစ် ၇၀ လောက်မှာ မန်ယူက တိုက်စစ်မှူးဝက်ဂ်ဟော့စ်ကို ထုတ်ပြီး မက်တော်မီနေးနဲ့ လူစားလဲခဲ့သလို ဖရက်ဒ်နေရာမှာလည်း ဆာဘစ်ဇာကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာ ကွင်းလယ်က ဆာဘစ်ဇာလှမ်းပေးတာကို တိုက်စစ်မှူးနေရာကနေ ကစားနေတဲ့ ရက်ရှ်ဖို့က ကန်သွင်းခဲ့ပေမယ့် နယူးကာဆယ်ဂိုးသမား ကားရီးယပ်စ်ပုတ်ထုတ်လိုက်နိုင်ပါတယ်။ နယူးကာဆယ်တို့က ဒုတိယပိုင်းမှာ ချေပဂိုးရရှိမလားဆိုပြီးထိုးဖောက်ကစားပေမယ့် မန်ယူဘက်ကသာ ပွဲကို ထိန်းချုပ်ထားနိုင်သလို အကွက်ဆင်ထိုးဖောက်မှုအချို့လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမိနစ် ၈၀ ကျော်လာတဲ့ အခါမှာတော့ တစ်ပွဲလုံးနယူးကာဆယ်နောက်တန်းကို မွှေနှောက်ခဲ့တဲ့ အန်ထော်နီကို ဆန်ချိုနဲ့ တန်းဟက်က လူစားလဲခဲ့ပါတယ်။
ပွဲပြီးဖို့ နောက်ဆုံးမိနစ်တွေမှာတော့ တန်းဟက်က တိုက်စစ်မှူးရက်ရှ်ဖို့ကိုထုတ်ပြီး မက်ဂွိုင်းယားကို လူစားလဲထည့်သွင်းခဲ့ပါတယ်။
မန်ယူအနေနဲ့ တန်းဟက်လက်ထက်မှာ ပထမဆုံးဆုဖလားဖြစ်တဲ့ ကာရာဘောင်ဖလားကို အရဆွတ်ခူးနိုင်ခဲ့သလို ၆ နှစ်ကြာဆုဖလားလက်မဲ့ဖြစ်နေခြင်းကိုလည်း အဆုံးသတ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ မန်ယူပရိသတ်တွေက သူတို့ရဲ့သရဲနီအလံကို ဝင်ဘလေကွင်းအတွင်း ဝှေ့ယမ်းအားပေးကြသလို တချို့ကလည်း ဘရာဇီးအလံကို ဝှေ့ယမ်းရင် မန်ယူမှာပါဝင်ကစားတဲ့ ဘရာဇီးလက်ရွေးစင်တွေကို အားပေးခဲ့ကြပါတယ်။ တန်းဟက်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ အောင်ပွဲခံနေတာကို တွေ့ရပါတယ်။
မန်ယူဆိုတာ အနိုင်ရတဲ့အစဉ်အလာရှိတဲ့အသင်းဖြစ်အောင် လမ်းဖောက်ခဲ့တဲ့ ဖာဂူဆန်အတွက် ကာရာဘောင်ဖလားယူပြီး ဂုဏ်ပြုချင်တယ်ဆိုပြီး ဗိုလ်လုပွဲမတိုင်ခင်ပြောဆိုခဲ့တဲ့ တန်းဟက်တစ်ယောက် သူပြောသလို ဂုဏ်ပြုလိုက်နိုင်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။






