ဝက်ဟော့စ် နှင့် ဆဘစ်ဇာ တို့သည် ဇန်နဝါရီတွင် မန်ယူသို့ အငှားဖြင့် ရောက်ရှိလာခဲ့သည့် ကစားသမား သုံးဦးအနက် နှစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် လိဂ်ဖလားဗိုလ်လုပွဲတွင် ပါဝင်ကစားခဲ့ကြသည်။
နည်းပြ တန်ဟက်က မန်ယူအနေဖြင့် ဝက်ဟော့စ်နှင့် ဆဘစ်ဇာကို ဆက်ထိန်းထားမထား ဆုံးဖြတ်ရန် စောလွန်းသေးသည်ဟု အခိုင်အမာဆိုပါသည်။

မန်ယူသည် စီရော်နယ်ဒို ထွက်ခွါသွားမှုနှင့် အဲရစ်ဆင် ဒဏ်ရာရရှိမှုကို ထေမိရန် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဝက်ဟော့စ်နှင့် ဆဘစ်ဇာတို့ကို ဘန်လေ နှင့် ဘိုင်ယန်မြူးနစ် တို့ထံမှ အငှားနှင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

မန်ယူတွင် သူတို့နှစ်ဦးကို စာချုပ်ချုပ်ရန် တာဝန်မရှိသော်လည်း အသက် ၃၀ နှစ်ရှိ ဝက်ဟော့စ်က သူကစားခွင့်ရနိုင်သော ၁၂ ပွဲစလုံးတွင် ကစားခဲ့ပြီး ၂၈ နှစ်ရှိ ဆဘစ်ဇာသည် မန်ယူ၏နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲတွင် ဦးစားပေး ၁၁ ဦးထဲ ပါဝင်ခဲ့သည်။

“အဲဒါကို ပြောဖို့ အရမ်းစောလွန်းတယ်လို့ ထင်တယ်” ဟု တန်ဟက် က ပြောသည်။ “ပထမအချက်က ကျွန်တော်တို့ဟာ ဒီရာသီမှာ ရှိနေပါတယ်။ အဲဒါက တစ်ခုတည်းသော အာရုံစိုက်ရမယ့် ရာသီပါ။ လာမယ့်ရာသီအတွက် အနှောင့်အယှက် မရှိပါဘူး။ “ကျွန်တော်တို့က ဒီရာသီမှာ ရှိနေပြီး ဒီအချိန်မှာ မှန်ကန်တဲ့ အနေအထားမှာ ရှိနေတယ်။ ကျွန်တော်တို့က ပြိုင်ပွဲ ၃ ခုကို ဝင်ပြိုင်နေတာကြောင့် ဒါက ကျွန်တော်တို့ဖြစ်ချင်တဲ့ အနေအထားပါ။” ဟုလည်း ဆိုသည်။

မန်ယူသည် ဖလားပြိုင်ပွဲနှစ်ပွဲနှင့် ပရီးမီးယားလိဂ်တွင် တတိယနေရာရနေသေးသော်လည်း အာဆင်နယ်နောက် ရှစ်မှတ်အကွာတွင် ရှိနေသဖြင့် ဝက်ဟော့စ်နှင့် ဆဘစ်ဇာကို စာချုပ်ချုပ်ဆိုရန် လေးပုံတစ်ပုံဖြစ်နိုင်ချေရှိသည်ဟု ပရိသတ်အချို့ကြားတွင် ကြိုတွေးပြောဆိုမှုများရှိနေကြောင်း သိရသည်။






