ရီယိုဖာဒီနန်က မန်စီးတီးဟာ အာဆင်နယ်နဲ့ လီဗာပူးကို ကျော်ကာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲလို့ ဆိုလိုက်ပေမယ့် ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ သူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးစေချင်တဲ့ အသင်း မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် top 3 အသင်းတွေကြားမှာ ရမှတ် ကွာဟမှု 3 မှတ်သာ ရှိနေပြီး ဒါဟာ အကြိတ်အနယ် အဖြစ်ဆုံး title race ဖြစ်လာနိုင်ပါတယ်။
ကြားရက်မှာတော့ မန်စီးတီး လီဗာပူး နဲ့ အာဆင်နယ် တို့ နိုင်ပွဲတွေ အသီးသီး ရခဲ့ကြပြီး ဖာဒီနန်က စီးတီးဟာ လာမည့် မေလမှာ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ယူဆနေပေမယ့် သူ့အနေနဲ့ ရာသီကုန်မှာ အခြား အသင်းကိုသာ ဖလား ရစေချင်တယ်လို့ ဆိုလိုက်ပါတယ်။

ဖာဒီနန်က “စာရွက်ပေါ်က အနေအထားအရ မန်စီးတီးဟာ ပွဲချောင်နေပြီး အတွေ့အကြုံ ကလည်း ကြီးမားတဲ့ အစိတ်အပိုင်း အနေနဲ့ ပါ၀င်မှာပါ။ လီဗာပူးဟာ ဖူဟမ် အဲဗာတန် နဲ့ ၀က်ဟမ်း တို့ကို အဝေးကွင်းမှာ ဆက်တိုက် ကစားရမှာပါ။ ဒီအသင်းတွေဟာ အသင်းကြီးတွေ မဟုတ်ပေမယ့် အဝေးကွင်း ၃ ပွဲဆက် ကစားရတာဟာ ခက်ခဲပါတယ်။ အဲဒီနောက် စပါးနဲ့ပွဲပြီးရင် အက်စတွန်ဗီလာ နဲ့ ကစားရမှာပါ။ သိကြတဲ့ အတိုင်းပဲ ဒီတစ်ပတ် အိုးထရပ်ဖို့ဒ်မှာ ကစားရမယ့် ပွဲကလည်း သူတို့ကို ခြေချော်စေနိုင်ပါတယ်။
အာဆင်နယ်က ပွဲအကျပ်ဆုံး ဖြစ်ပြီး စီးတီးကတော့…ကျနော် ဒါကို ရာသီအစတုန်းက ပြောခဲ့ပါတယ်။ အခုလည်း သူတို့ဟာ ရေပန်းအစားဆုံး ဖြစ်တယ်လို့ ကျနော် ပြောမှာပါ။ ရိုးရိုးသားသား ပြောရရင် ကျနော် သူတို့ကို ဖလား မရစေချင်ပါဘူး။ အခုချိန်မှာတော့ ကျနော် အာဆင်နယ်ကို ဖလား ရစေချင်ပါတယ်။ လီဗာပူးနဲ့ မန်စီးတီးကို ကျော်ပြီးတော့ပေါ့။ ၁၀၀% ပါပဲ။ ဒါဟာ ကျနော့် အတွက် ရွေးချယ်ရ ခက်ခဲတဲ့ မေးခွန်း မဟုတ်ပါဘူး။”






