အင်္ဂလန်ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ် (PGMOL) ဥက္ကဋ္ဌ ဟောင်းဝပ်ဝက်ဘ်က ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါသည့်ပွဲစဉ်တစ်ပွဲ ဖြစ်သည့် လီဗာပူးလ် (၁-၁) မန်စီးတီးပွဲတွင် နောက်ဆုံးမိနစ်၌ လီဗာပူးလ်အသင်းကို ပယ်နယ်တီမပေးခဲ့သည့် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာ၏ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း PGMOL’s Match Officials Mic’d Up Show တွင် ပြောကြားခဲ့သည်။
မတ်လ (၁၀)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၁-၁) မန်စီးတီးပွဲ၌ ပွဲပြီးခါနီးတွင် မန်စီးတီးတောင်ပံကစားသမား ဒိုကူသည် ခြေထောက်မြှောက်ပြီး ဘောလုံးရှင်းထုတ်ရာတွင် ပြေးဝင်လာသည့် လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာကို ကန်မိခဲ့ခြင်းဖြစ်သည်။

မိုက်ကယ်အိုလီဗာသည် ယင်းဖြစ်ရပ်ဖြစ်ပေါ် ခဲ့သော်လည်း ပွဲကို ဆက်လက်ကစားစေခဲ့သည်။ PGMOL’s Match Officials Mic’d Up Show တွင် မိုက်ကယ်အိုလီဗာနှင့် VAR အဖွဲ့ ဆက်သွယ်စကားပြောခြင်းကို ပြသခဲ့သည်။ မိုက်ကယ်အိုလီဗာက “ကျွန်တော့်အတွက် ဒါက ပယ်နယ်တီမဟုတ်ဘူးဗျာ။ ဘောလုံးက အလယ်မှာ ရှိနေတယ်။ ဘောလုံးက အလယ်မှာ ရှိနေတယ်လို့ ကျွန်တော် ထင်ပြီး ဒိုကူက ဘောလုံးကို ဖျက်ထုတ်ဖို့ပဲ ကြိုးစားခဲ့တာပါ။ ဒီအနေအထားမှာ ကစားသမားအချင်းချင်း ထိမိတိုက်မိတာ မျိုးရှိနိုင်ပါတယ်” ဟု ဆိုခဲ့သည်။ VAR ဒိုင်လူကြီး အက်ဝဲလ်ကလည်း မိုက်ကယ်အိုလီဗာ၏ အမြင်ကို ထောက်ခံကြောင်း ပြန်လည်ပြောကြားခဲ့သည်။
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကမူ အဆိုပါပွဲစဉ်အပြီးတွင် ဒိုကူ၏ဖျက်ထုတ်မှု မှာ (၁၀၀) ရာခိုင်နှုန်း ပြစ်ဒဏ်ဘောဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် PGMOL ဥက္ကဋ္ဌဖြစ်သူ ဟောင်းဝပ်ဝက်ဘ်က မိုက်ကယ်အိုလီဗာ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်းနှင့် ယခုဖြစ်ရပ်တွင် အမြင်ကွဲလွဲမှုများ ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
“ဒီဖြစ်ရပ်မှာ အမြင်ကွဲလွဲနေတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို VAR က ဝင် မရှုပ်ခဲ့တာ မှန်ပါတယ်။ မိုက်ကယ်အိုလီဗာ ပြောတာကို အားလုံးကြားကြမှာပါ။ တစ်ခါတလေမှာ ကွင်းလယ်ဒိုင်တွေကိုယ်တိုင်ဆုံးဖြတ်ရတာတွေ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။






