လီဗာပူး ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ စတီဗင်ဂျာရတ်နဲ့ ပီတာခရောက်ခ်ျ တို့ဟာ နွေရာသီမှာ အန်ဖီးကလပ်ရဲ့ ချိတ်ဆက်မှုကို ခံရဖို့ ရှိနေတဲ့ အင်တာမီလန် ကွင်းလယ်လူ နီကိုလိုဘာရယ်လာရဲ့ အရည်အသွေးကို ချီးကျူးသွားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ မနေ့ညက ဆန်စီယိုမှာ အင်တာတို့ အေစီကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ခြေစွမ်းပြကစားသွားခဲ့ပါတယ်။

ဘာရယ်လာဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကယ်ဂလီယာရီ ကနေ ပြောင်းရွေ့လာခဲ့ပြီးနောက် ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး အဖြစ် တည်ဆောက်နိုင်ခဲ့ကာ နွေရာသီမှာ ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်သွားမယ့် လီဗာပူးက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားလျက် ရှိနေပါတယ်။

ဘာရယ်လာရဲ့ အရည်အသွေးကို နှစ်သက်လျက် ရှိနေတဲ့ စတီဗင်ဂျာရတ်က “သူဟာ နေပယ်မှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ Nation league ပွဲစဉ်တုန်းက အင်္ဂလန် ကွင်းလယ် အတွဲ ဖြစ်တဲ့ ဂျူ့ဘယ်လင်ဟမ် ဒန်ကလန်ရိုက်စ် တို့နဲ့ အပြိုင် အကောင်းဆုံး ကစားသွားခဲ့သူ ဖြစ်ပါတယ်။ သူဟာ တကယ်ကောင်းတဲ့ အသက်အရွယ် အပိုင်းအခြားမှာ ရှိနေကာ မကြာခင် အမြင့်ဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်မယ့် အသက်အရွယ် ရောက်လာတော့မှာပါ။

သူဟာ ဒီညမှာ သူ့ရဲ့ နိုင်ငံ့လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ တိုနာလီရဲ့ အပြိုင်ကြဲသွားခဲ့ပြီး နောက်ဆုံးမှာတော့ သူ အသာရသွားခဲ့ပါတယ်။ သိကြတဲ့အတိုင်းပဲ ကွင်းလယ်ပိုင်းဟာ ပွဲရဲ့ ရလဒ်အတွက် အဆုံးအဖြတ် ဖြစ်စေနိုင်ပါတယ်။”
ခရောက်ခ်ျကလည်း “သူဟာ ဘင်ဖီကာနဲ့ ပွဲမှာ အဓိက ကျခဲ့ပါတယ်။ ခြေအနုတ်အသိမ်း ကောင်းမွန်ပြီး အားထုတ်မှုကောင်းကာ ခံစစ်ပိုင်းကိုလည်း ကူညီပေးနိုင်ပါတယ်။ ဘင်ဖီကာနဲ့ ပထမအကျော့မှာ သူဟာ ခြားနားမှုကို ဖြစ်စေခဲ့တာပါ။ သူ့ကို နှစ်သက်တဲ့ အသင်းတွေ အများကြီး ရှိနေပါတယ်။ လီဗာပူး ကလည်း ဒီထဲက တစ်သင်း ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ် ။






