ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဇယားထိပ်က လီဗာပူး အသင်းကို အန်းဖီးလ်မှာ ၄ – ၁ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ် ။ ပွဲအချက်အလက်နဲ့ ရလဒ်ပိုင်း အရ ချဲလ်ဆီးတို့ အဖက်ဖက်က ရှုံးနိမ့်ခဲ့ပေမယ့် ၊ ကွင်းလယ်ဒိုင်နဲ့ VAR ရဲ့ ဆုံးဖြတ်ချက် ၂ရပ်က ခြင်္သေ့ပြာတို့ အတွက် နစ်နာစေခဲ့ပါတယ် ။
ပထမပိုင်း ဂိုးမရှိသရေကျနေစဉ် လီဗာပူး ခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ဟာ ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂေါ်လဂါ ပင်နယ်တီ ဧရိယာ အတွင်း ဂိုးပေါက်ထဲ ကန်ဖို့ ဟန်ပြင်နေစဉ် ခြေထောက်နဲ့ အသားလွတ် ပိတ်တားခဲ့ပေမယ့် ကွင်းလယ်ဒိုင် ပေါလ်တီယာနေးက ပင်နယ်တီ အဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး ။
ထို့အတူ ဒုတိယပိုင်း ၃ – ၁ ရလဒ် ထွက်ပေါ်နေစဉ် ၊ ဗန်ဒိုက်ကပဲ ချဲလ်ဆီး လူစားဝင် တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူကို ပင်နယ်တီ ဧရိယာအတွင်း အနောက်ကနေ အသားလွတ် ဖြတ်ကန်ခဲ့ပေမယ့် ၊ ဒီတကြိမ်မှာလည်း VAR ကြည့်ပြီးတော့ပင် ပင်နယ်တီ အဖြစ် မသတ်မှတ်ပေးခဲ့ပြန်ပါဘူး ။
ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနီုဟာ ဒုတိယအကြိမ် ပင်နယ်တီ ခွင့်ပြုပေးဖို့ ငြင်းဆန်ခံခဲ့ရပြီးနောက် ဒေါသအကြီးအကျယ် ထွက်ခဲ့ပေမယ့် ၊ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒါကို ဆင်ခြေပေးနေမှာ မဟုတ်ကြောင်း တုန့်ပြန်လာပါတယ် ။

ပိုချက်တီနို က ” ဒါက နောက်ဆုံးမှ ပေးရမယ့် ဆင်ခြေ တခုပါ ။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကိုက မကောင်းခဲ့တာပါ ။ သူတို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ် ။ သူတို့ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ် ။ ဟုတ်ပါတယ် ။ ဒီ ပင်နယ်တီက ကျွန်တော်တို့ကို ရလဒ်ပိုင်း ပိုကျဉ်းမြောင်းကောင်း ကျဉ်းမြောင်းစေခဲ့မှာပါ ။ ”
” ဒါပေမယ့် ဒီနေ့ပွဲက ဒီဖြစ်ရပ် အကြောင်း ပြောဖို့ကျတော့ ကျွန်တော် မပြောချင်ပါဘူး ။ ဒါက ဘောလုံးရဲ့ တစိတ်တပိုင်းပါပဲ ။ ဒီလိုပွဲမျိုးမှာ ခင်ဗျားဟာ ‘ လီဗာပူး တော်ခဲ့တယ် ‘ လို့ပဲ ချီးကျူးရမှာပါ ။ ဗိုလ်လုပွဲကျမှ မတူညီတဲ့ နည်းလမ်း တရပ်နဲ့ ကျွန်တော်တို့ ချဉ်းကပ်ဖို့ လိုပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ပိုချက်တီနို က ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ” ဒါက ရှင်းပါတယ် ။ သူတို့က ကျွန်တော်တို့ထက် ပိုပြီး မာမာထန်ထန် ကစားခဲ့ပါတယ် ။ ကျွန်တော်တို့ အတွက် ဒါက ချိတ်ဆက် ကစားနိုင်ဖို့ ခက်ခဲစေခဲ့ပါတယ် ။ ပထမ ထိချက် ဒါမှမဟုတ် ဒုတိယ ထိချက်တွေမှာ ဘောလုံး ပြန်ဆယ်နိုင်ဖို့ ခက်ခဲခဲ့ပါတယ် ။ ကျွန်တော်တို့ လွယ်လင့်တကူ ဘောလုံး ဆုံးရှုံးခဲ့ပါတယ် ။ ”

” သူတို့က တဦးချင်း ခေါင်းယှဉ်တိုက်တဲ့ နေရာတွေမှာ အသာရခဲ့ပါတယ် ။ သူတို့က ကျွန်တော်တို့ထက် ပိုပြီး ပြိုင်ဆိုင်နိုင်ခဲ့တယ်လို့ ဆိုတာ နေရာတိုင်းမှာ သူတို့ ပိုကောင်းခဲ့တယ်လို့ ဆိုလိုချင်တာပါ ။ ဒါကြောင့်ပါပဲ ။ ”
” ဟုတ်ပါတယ် ။ ဒုတိယပိုင်းရဲ့ အစောပိုင်း မိနစ်လေးမှာ မူဒရစ် ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ယုံကြည်မှုက ဒီထက် ပိုတက်ကောင်း တက်လာနိုင်ပါတယ် ။ အန်ကွန်ကူအပေါ် ပြစ်ဒဏ်ကျူးလွန်တဲ့ အလုံး ပင်နယ်တီ ပေးခဲ့မယ်ဆိုရင်လည်း တခုခု ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ် ။ ”
” ဒါပေမယ့် ကျွန်တော်တို့ အဲဒီကနေတဆင့် သရေ ရတဲ့ အထိ ကြိုးစားမယ်ဆိုရင်တောင်မှ ဒါက စိတ်ပျက်စရာပါပဲ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က မကောင်းခဲ့လို့ပါ ။ ဒီလိုပွဲမျိုးကနေ ဒီလို ခံစားချက် ရတာက ကောင်းပါတယ် ။ ဒါပေမယ့် ဒါက တပွဲတည်း ဖြစ်ပါတယ် ။ ဒီပွဲဟာ ကျွန်တော်တို့ အတွက် အချက်အလက်ကောင်းတွေ ပေးထားပြီးပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






