ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဧပြီလ ပထမ အပတ် အတွင်းမှာပဲ အဆင့် ၁၀ အောက်ကို ကျအပြီး ရေရှည်စီမံကိန်းနဲ့ ခန့်အပ်ခဲ့တဲ့ နည်းပြဟောင်း ဂရေဟမ် ပေါ်တာကို ရာထူးကနေ တရားဝင် ထုတ်ပယ်ခဲ့ကာ ၊ ရက်ပိုင်း အကြာမှာပဲ ကလပ် ဂန္တဝင် ကွင်းလယ်လူဟောင်း ၊ နည်းပြဟောင်း ဖရန့် လမ်းပတ်ကို ယာယီ caretaker မန်နေဂျာ ရာထူး အပ်နှင်းခဲ့ပါတယ် ။
သို့ပေမယ့် လမ်းပတ် လက်ထက်မှာလည်း အသင်းက ထွေထွေထူးထူး တိုးတက်လာခြင်း မရှိတဲ့အပြင် ၊ ကစားသမားတွေရဲ့ စိတ်ဓာတ် ခံယူချက်က အဆိုးရွားဆုံး အနေအထား တရပ်ဆီ ရောက်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ စနေနေ့က ဘုန်းမောက်နဲ့ မရင်ဆိုင်မီ လမ်းပတ် လက်ထက် ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ ၆ပွဲဆက် ရှုံးခဲ့ပါတယ် ။
ဘုန်းမောက်နဲ့ ပွဲမှာတော့ ချဲလ်ဆီးဟာ နောက်ကျဂိုးတွေနဲ့ အနိုင်ရပြီး တန်းဆင်းဇုန် အန္တရာယ်ကနေ အပြည့်အဝ လွတ်ကင်းသွားခဲ့ပါတယ် ။ လက်ကျန် ပရီးမီးယားလိဂ် ၄ပွဲကို အဖြည့်သဘောနဲ့သာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပေမယ့် လမ်းပတ်ကတော့ ထိုပွဲတွေမှာ လူငယ် ကစားသမားတွေကို အခွင့်အရေး ပိုပေးသွားဖွယ် ရှိပါတယ် ။
လမ်းပတ် လက်ထက်မှာ ပွဲအားလုံး ပွဲထွက်ခွင့် ရထားတဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ လက်ကျန်ပွဲတွေမှာလည်း ရောက်ကတည်းက ပွဲတိုင်း ပွဲထွက်ထားရတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းခွင့်ရမှာ ဖြစ်ပါတယ် ။

ဇန်နဝါရီ စျေးကွက် Deadline Day မှာ ဘင်ဖီကာကနေ ချဲလ်ဆီးသို့ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅သန်းနဲ့ ရောက်လာတဲ့ အန်ဇိုဟာ အခုအချိန်အထိ ဂိုးမသွင်းနိုင်သေးပေမယ့် ၊ ဂိုးဖန်တီးမှု အချို့တော့ လုပ်ထားပါတယ် ။ ဒီတော့ လက်ကျန်ပွဲတွေမှာ သူ့ရဲ့ ပထမဆုံး ချဲလ်ဆီးဂိုးကို ရှာဖွေသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
မန်စီးတီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွဲရိုးကတော့ ၄င်းနဲ့ တနိုင်ငံတည်းသား ဖြစ်တဲ့ ယင်းအသက် ၂၂နှစ် အရွယ် ကွင်းလယ်ကြယ်ပွင့် အနေနဲ့ ခြေစွမ်း နောက်တဆင့် တက်ရန် ဖရန့် လမ်းပတ်ဆီကနေ သင်ယူဖို့ မဟာအခွင့်အရေး ရှိနေကြောင်း သုံးသပ်ခဲ့ပါတယ် ။

Stake နဲ့ တွေ့ဆုံခဲ့ရာမှာ အဂွဲရိုး က ” အကောင်းဆုံး ပုဂ္ဂိုလ်တွေဆီကနေ သင်ယူလေ့လာဖို့ အခွင့်အရေး ရတဲ့လူ များများစားစား မရှိပါဘူး ။ ကျွန်တော်ဆိုလည်း ကစားသမား ဘဝတုန်းက ဒီလိုပဲ သင်ယူလေ့လာ ကြိုးစားခဲ့ရတာပါပဲ ။ အဲဒီက သင်ယူလေ့လာနိုင်ခဲ့တာ မှန်သမျှ တဘဝလုံး သယ်သွားပါတယ် ။ ”
” ဖရန့် လမ်းပတ်ရဲ့ အတွေ့အကြုံတွေက အန်ဇို ဖာနန်ဒက်ဇ် အတွက် အမှန်တကယ် အသုံးဝင်ပါလိမ့်မယ် ။ သူဟာ တကယ်တော်တဲ့ ချာတိတ် တယောက် ဖြစ်ပြီး ၊ အခုထက် ပိုပြီး တိုးတက်ချင်တယ် ဆိုတာ ခင်ဗျားတို့လည်း ပြောနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး အဂွဲရိုး က လမ်းပတ်ဟာ ချဲလ်ဆီးနဲ့ သံယောဇဉ်ဟောင်းကြောင့် စတမ်းဖို့ဒ်ဘရစ်ခ်ျကို ပြန်လာတာ ဖြစ်ကြောင်းကို ” ဖရန့်ဟာ ချဲလ်ဆီးကို ချစ်တာ ရှင်းနေပါတယ် ။ ခင်ဗျား ကျွန်တော့ကို လာမေးရင် ၊ ချဲလ်ဆီးကို ချစ်တတ်တဲ့ စိတ်တခုတည်းကြောင့်သာ အခုလို အကြပ်အတည်း အခိုက်အတန့်မှာ အနစ်နာခံပြီး ဒီရာထူးကို သူ ယူခဲ့တာ ဖြစ်ပါတယ် ။ ”

” လူအနည်းစုသာလျှင် ကိုယ့်ကိုယ်ကို ချိုးနှိမ်ပြီး ၊ အသင်းအတွက် အရာအားလုံး ပေးဆပ်တတ်ကြပါတယ် ။ ဒါပေမယ့် သူ ချဲလ်ဆီးမှာ လုပ်ပြနိုင်တယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။ ရလဒ်ဆိုးတွေ ရှိနေသည့်တိုင် ဒါဟာ ခင်ဗျား သူနဲ့ ပတ်သက်ပြီး လေးစားသင့်တဲ့ အချက် ဖြစ်ပါတယ် ။ ”
” ကျွန်တော်ကတော့ ဖရန့် အတွက် အကောင်းဆုံး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ် ။ သူဟာ ကြီးကျယ်တဲ့ ပရော်ဖက်ရှင်နယ် တဦး ဖြစ်ပြီး ၊ လူပုဂ္ဂိုလ် တဦး အနေနဲ့ ပိုတောင်မှ သဘောထားကောင်းပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






