မန်စီးတီးနဲ့ အပြောင်းအရွှေ့ ကောလဟလ တချို့ ထွက်ခဲ့ပြီးနောက် ၊ လက်ရှိ ချဲလ်ဆီးမှာ ကစားရတာ သူ ဘယ်လို ခံစားရလဲ ဆိုတာ ဖွင့်ဟလာတဲ့ ကိုဗာဆစ်
၂၀၁၉ နွေရာသီ စျေးကွက်မှာ ချဲလ်ဆီး အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်ကို ပေါင်သန်း ၃၀နဲ့ ခေါ်ယူခဲ့ပြီး ၊ ထိုစဉ်က အပြောင်းအရွှေ့ လုပ်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ချဲလ်ဆီးအဖို့ ဒါဟာ တရားဝင် လုပ်လို့ ရခဲ့တဲ့ အငှားစာချုပ်ပါ အပြီးသတ် ခေါ်ယူမှု ဖြစ်ခဲ့ပါတယ် ။

ထိုမတိုင်ခင်က ကိုဗာဆစ်ဟာ ချဲလ်ဆီးသို့ တရာသီ အငှားနဲ့ စရောက်လာခဲ့ပြီး ၊ မော်ရစ်ဇီယို ဆာရီ လက်ထက်မှာ ပြိုင်ပွဲစုံ ၃၃ပွဲ ကစားကာ ယူရိုပါလိဂ် ဖိုင်နယ်ကို ပွဲထွက်ဆင်နွှဲခဲ့ပြီး ၊ ခြင်္သေ့ပြာတို့နဲ့ အတူ ပထမဆုံး အောင်မြင်မှု ရခဲ့ပါတယ် ။
လက်ရှိ ချဲလ်ဆီးရဲ့ သက်တော်ရှည် ကစားသမား အနည်းငယ်ထဲက တဦး အပါအဝင် ဖြစ်တဲ့ ကိုဗာဆစ်ဟာ ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ ၊ ပြင်သစ် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေတို့ ပြီးရင် ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။

လောလောဆယ်မှာ ချဲလ်ဆီးနဲ့ စာချုပ် တနှစ်ကျော်ကျော်ပဲ ကျန်တော့တဲ့ ကိုဗာဆစ်ဟာ လာမယ့် နွေရာသီ စျေးကွက် မတိုင်ခင် မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို ရရှိထားပြီး ၊ အခုအချိန်အထိ စာချုပ်သစ် ကမ်းလှမ်းမှု ရေရေရာရာ မလုပ်ထားတဲ့အတွက် ၄င်းဟာ လာမယ့် ရာသီမှာ စတမ်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာနိုင်တဲ့ ကစားသမားတွေထဲ တဦး အပါအဝင် ဖြစ်နေပါတယ် ။
ကလပ်တရားဝင်ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အသက် ၂၈နှစ် အရွယ်ရှိ ကိုဗာဆစ်က ချဲလ်ဆီးနဲ့ လန်ဒန်မှာ ၅နှစ်တာ နေထိုင် ကစားရတာ ဘယ်လို ခံစားရလဲ ဆိုတဲ့ အကြောင်း အခုလိုပဲ ထုတ်ဖော် ပြောဆိုလာပါတယ် ။
ကိုဗာဆစ် က ” ကျွန်တော် ဒီကို ရောက်လာတာ ၅နှစ်ကြီးတောင် ရှိလာပါပြီ ။ အချိန်တွေ ကုန်တာ မြန်ပါတယ် ။ ကျွန်တော်ဟာ ကစားဖူးသမျှ ကလပ်တွေထဲ ချဲလ်ဆီးမှာ အကြာဆုံး ကစားထားပါတယ် ။ ဒီမှာ နေရတာ ကျွန်တော် နေအိမ်သဖွယ် ခံစားရပါတယ် ။ လန်ဒန်မှာ မနှစ်သက်စရာကောင်းတဲ့ အရာ တခုမှ မရှိပါဘူး ။ ”

” ကျွန်တော့ မိသားစုကလည်း ဒီမှာ ပျော်နေတော့ ၊ ကျွန်တော့ အတွက် ပိုလို့တောင် လွယ်ကူစေပါတယ် ။ စပိန်နဲ့ အီတလီတွေမှာလို မကောင်းရင်တောင်မှ ဒီမှာ အစားအသောက်တွေက အိုကေပါတယ် ။ လန်ဒန်က တကယ် အံ့သြဖွယ်ကောင်းပါတယ် ။ ”
” ကျွန်တော့သားကလည်း ဒီက ကျောင်းမှာပဲ စာသင်နေပါတယ် ။ သူလည်း ဒီမှာ နေရတာ ပျော်နေပါတယ် ။ ဒီက လူတွေက ဖော်ရွေကြပါတယ် ။ အင်္ဂလန်နဲ့ လန်ဒန် အကြောင်း ကျွန်တော့မှာ အကောင်းပြောစရာတွေသာ ရှိပါတယ် ။ ကျွန်တော်ဟာ ကြီးကျယ်တဲ့ နိုင်ငံ ၊ မြို့တွေမှာ အခြေချနေထိုင်ဖို့ ကံပါလာခဲ့တယ်လို့ပဲ ပြောရပါမယ် ။ ”
” ဒီနိုင်ငံတွေမှာ အတွေ့အကြုံ ရလို့ ကျွန်တော် ကောင်းချီးပေးသလို ခံစားရပါတယ် ။ သင်ခန်းစာတွေလည်း ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ် ။ အများစုက လူတွေကို လေးလေးစားစား ဆက်ဆံဖို့ ဖြစ်ပါတယ် ။ သူတို့ ကျွန်တော့ အပေါ် ပြုမူဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး ကျွန်တော့ဖက်က ကျေးဇူးတင်စရာသာ ရှိပါတယ် ။ ”

” အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံဖို့ ကြိုးစားပါတယ် ။ ဒါက အမြဲတမ်းတော့ မလွယ်ပေမယ့် ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါတယ် ။ ကျွန်တော် ရောက်ဖူးတဲ့ နေရာတိုင်းကို ကြည့်ရင် အားလုံးက အံ့သြဖွယ် ဖြစ်ပြီး ၊ ခရီးလမ်းတလျှောက် တွေ့ဆုံခဲ့တဲ့ လူတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ် ။ ဒါက ခရီးဖြတ်သန်းမှုကောင်း တရပ်သာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






