မန်ယူအသင်းအပြောင်းအရွှေ့ရေးရာတာဝန်ခံသည် ဟယ်ရီကိန်းကို ခေါ်ယူရေးအတွက် ဆွေးနွေးမှုစတင်ရာတွင် လက်ဗီကို ရင်ဆိုင်ရမည့်အခက်အခဲကို စဉ်းစားပြီး အချိန်တစ်ခုယူနေခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။ လက်ဗီသည် ကစားသမားအပြောင်းအရွှေ့အတွက် ဆွေးနွေးရာတွင် စကားပြောလက်ပေါက်ကပ်သူအဖြစ် နာမည်ကြီးသည်။
တန်းဟက်သည် တိုက်စစ်မှူးတစ်ဦးလိုအပ်နေသည်။ မန်ယူတွင် ပြင်သစ်တိုက်စစ်မှူးမာစီရယ်သည် ဒဏ်ရာပြဿနာများနှင့် လုံးထွေးနေပြီး ဟော်လန်တိုက်စစ်မှူးဝက်ဂ်ဟော့စ်ကို အငှားဖြင့် ခေါ်ယူ၍ အသုံးပြုနေရသည်။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်သော ကိန်းကို ပရီးမီးယားလိဂ် အဓိက ပြိုင်ဘက်တစ်ဦးထံမှ ခေါ်ယူရန် ကြိုးပမ်းရခြင်းသည် ကြောက်စရာကောင်းကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အင်္ဂလန်အသင်းခေါ်င်းဆောင်သည် စပါးအသင်းရုန်းကန်နေရသည့် ဘောလုံးရာသီတွင်ပင် ပုံမှန်ခြေစွမ်းပြနေနိုင်သည်။ ကိန်းကိုအရခေါ်ယူလိုက်ပါက တန်းဟက်၏ မန်ယူသည် အသင်းကောင်းတစ်သင်းအနေအထားမှ အဆက်မပြတ်အနိုင်ရသော အသင်းတစ်သင်းအဆင့်သို့ တက်လှမ်းသွားနိုင်မည်ဖြစ်ကြောင်း သတင်းများကသုံးသပ်ဖော်ပြသည်။
အသက် ၂၉ နှစ်အရွယ်ရှိ ကိန်းသည် ပရီးမီးယားလိဂ်ဂိုးသွင်းသူတန်းစီဇယားတွင် ဒုတိယနေရာ၌ ရပ်တည်နေပြီး ပထမနေရာမှ ဟာလန်းထက် ၈ ဂိုးနောက်ကျနေသည်။ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ထက် ၆ ဂိုးပိုသွင်းထားသည်။

တန်းဟက်သည် နွေရာသီ အပြောင်းအရွှေ့ကာလစတင်သည်နှင့် တိုက်စစ်မှူးသစ်ကို လိုချင်နေပြီး ရာသီကြိုပြင်ဆင်မှုများတွင် တိုက်စစ်မှူးသစ်ကို ပြည့်ပြည့်ဝဝအသုံးချချင်သည်။ ကိန်းကလည်း ၎င်း၏ ကစားသမားဘဝတွင် ဆုဖလားဆွတ်ခူးလိုသောကြောင့် အသင်းပြောင်းချင်နေသည်။ ကိန်းသည် စပါးနှင့် စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့သည်။ မန်ယူသည် ကိန်းအပြင် စီးရီးအေကလပ် နာပိုလီအသင်း၏ နိုက်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ်ကို ခေါ်ယူချင်နေသည်။






