မန်ယူတွင် အင်္ဂလန်တိုက်စစ်မှူးရက်ရှ်ဖို့အနေဖြင့် ဂိုးသွင်းခြေရနေခြင်းမှာ အသင်းတွင် ပြဿနာဖြစ်စေသော ရော်နယ်ဒိုအသင်းပြောင်းသွားခြင်းကြောင့်ဖြစ်ကြောင်း ဘောလုံးရေးရာဝေဖန်သူ ဂါ့ခ်ခရွတ်စ်က ပြောဆိုလိုက်သည်။
ရက်ရှ်ဖို့သည် ကမ္ဘာ့ဖလားပြီးနောက်ပိုင်းကစားသည့်ပွဲများတွင် ပုံမှန်ခြေစွမ်းပြနေပြီး တန်းဟက်အသင်းအတွက် နိုဝင်ဘာနောက်ပိုင်းတွင် လိဂ်ပွဲ ၉ ပွဲကစားပြီး ၈ ဂိုးသွင်းထားနိုင်သည်။ မန်ယူသည် ရက်ရှ်ဖို့ခြေစွမ်းနှင့်အတူ ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာ၌ ရပ်တည်နေပြီး ပထမနေရာမှ အာဆင်နယ်နှင့် ၅ မှတ် ဒုတိယနေရာမှာ မန်စီးတီးနှင့် ၂ မှတ်ကွာနေသည်။

မန်ယူသည် လက်ရှိဘောလုံးရာသီအကုန်တွင် အဆင့် ၄ အတွင်းဝင်ရန်အလားအလာကောင်းနေပြီး လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန်လည်း နီးစပ်နေသည်။ မန်ယူသည် အဆင့် ၄ နေရာမှ နယူးကာဆယ်နှင့် ၅ မှတ် အဆင့် ၆ နေရာမှ စပါးနှင့် ၇ မှတ်ကွာနေသောကြောင့် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် နီးစပ်နေခြင်းဖြစ်သည်။

ရက်ရှ်ဖို့သည် အတိတ်တွင်ကျန်နေသူတစ်ဦးကို ဦးစားပေးနေရပြီး အကူနေရာမှ ကစားနေရခြင်းမျိုး မဟုတ်ခြင်းကြောင့် ယခုကဲ့သို့သော အသီးအပွင့်များကို ခံစားလာရခြင်းဖြစ်ကြောင်း ခရွတ်စ်က ပြောဆိုလိုက်သည်။
“ရော်နယ်ဒိုထွက်သွားပြီးနောက်ပိုင်းမှာ မန်ယူအသင်း ရလဒ်တွေတိုးတက်လာတာက အများကြီး စကားပြောပါတယ်။ အရင်က အောင်မြင်မှုတွေကို ဖက်တွယ်ထားချင်တဲ့ ကစားသမားတစ်ဦးနောက်ကနေပြီး ရက်ရှ်ဖို့က ကစားပေးစရာမလိုတော့ဘူး။ အသင်းမှာ ပြဿနာဖြစ်နေတဲ့ အပိုင်းကို ဖယ်ရှားလိုက်နိုင်ပြီလို့ ပြောလို့ရပါတယ်”ဟု ခရွတ်စ်က ပြောဆိုလိုက်သည်။

တန်းဟက်သည် လာမည့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် နယူးကာဆယ်အသင်းနှင့် ကာရာဘောင်ဖလား ဗိုလ်လုပွဲကစားရန်ရှိနေပြီး ရက်ရှ်ဖို့ ခြေစွမ်းပြရန်လိုအပ်နေကြောင်း သို့မှသာလျှင် တန်းဟက်အနေဖြင့် မန်ယူအတွက်ပထမဆုံးဆုဖလားကို ဆုခူးပေးနိုင်မည်ဖြစ်ကြောင်း သတင်းများက သုံးသပ်ဖော်ပြသည်။






