မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာ၏ အစ်ကိုဖြစ်သူ မာချီယပ်စ်ပေါ့ဘာက ပေါလ်အနေဖြင့် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ခွင့်ရရန် ဆန္ဒရှိနေဆဲဖြစ်ပြီး မန်ယူအသင်း၌ ဆက်ရှိနေရန် မသေချာကြောင်း ထုတ်ဖော် ပြောကြားသည်။
”ပေါလ်က အသင်းကထွက်ချင်နေတယ်။ ယူနိုက် တက်မှာနေရင် သူဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ပေါလ်က ဇီဒန်းလိုချင်နေတဲ့ကစားသမား လည်းဖြစ်တယ်။ သူ့ကိုစာချုပ်ခေါ်ယူဖို့ဆိုတာ ဖလော်ရင်တီနို (ရီးယဲလ်ဥက္ကဋ္ဌ) အတွက် မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ယူနိုက်တက်မှာ ပေါလ်ဆက်ရှိနေမလားဆိုတာ ကျွန်တော်တော့ အာမမခံနိုင်ဘူး။ စက်တင်ဘာ ၂ ရက် မတိုင်ခင် ဘာမဆိုဖြစ်သွားနိုင်တယ်။ ပေါလ် ယူဆောင်လာမယ့်အရာတွေကို မက်ဒရစ်ကလည်း လိုအပ်နေပါတယ်”ဟု ၎င်းက ပြော ကြားသည်။
ပရီးမီးယားလိဂ်မှလွဲ၍ အခြားဥရောပလိဂ်ပြိုင်ပွဲများ၏ နွေရာသီကစားသမားခေါ် ယူမှုမှာ စက်တင်ဘာ ၂ ရက်မှ ပြီးဆုံးမည်ဖြစ်ရာ မာချီယပ်စ်ပေါ့ဘာက El Chiringuito ဟု အမည်ရသည့် စပိန်ရုပ်သံအစီအစဉ်တွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ပေါ့ဘာကိုယ်တိုင်ကလည်း ရာသီကြိုအားလပ်ရက်ကာလတွင် အတွေ့အကြုံသစ်ရှာဖွေလိုကြောင်း ထုတ်ဖော်ပြောကြားထားပြီး ပြီးခဲ့သည့်တစ်ပတ်က ချယ်လ်ဆီးအသင်းနှင့် ရာသီအဖွင့်ပွဲအပြီးတွင်လည်း အနာဂတ်အခြေအနေမှာ မေးခွန်းထုတ်စရာအဖြစ်ရှိနေသေးကြောင်း ပြောကြားသည်။
”ကျွန်တော်က ဘောလုံးကစားရတဲ့အချိန်တိုင်း အမြဲတမ်း ကောင်းအောင်ကစားပါတယ်။ ဒါက ကျွန်တော်နှစ်သက်တဲ့အရာဖြစ်သလို ကျွန်တော့်ရဲဲ့ အလုပ်လည်းဖြစ်လို့ပါ။ ကျွန်တော်က ကွင်းထဲမှာရှိနေချိန်တိုင်း အမြင့်ဆုံးစွမ်းဆောင်ရည်ပဲ ပေးဆပ်ပါတယ်။ အခုလောလောဆယ်မှာ ပြောစရာတွေရှိနေမယ်ဆိုတာ (အနာဂတ်ကို ရည်ညွှန်း၍) ကျွန်တော်တို့အားလုံးသိပါ တယ်။ ဒါပေမဲ့ အချိန်က စကားပြောပါလိမ့်မယ်။ ပုစ္ဆာကတော့ အကြီးကြီးပဲရှိပါသေးတယ်။ ကျွန်တော်က မန်ချက်စတာမှာရှိနေတယ်။ အသင်းဖော်တွေနဲ့ကစားရတာ ပျော်ရွှင်ပြီး ပွဲတိုင်းကိုလည်း အမြဲတမ်းအနိုင်ရချင်ပါတယ်”ဟု ပေါ့ဘာက ပြင်သစ်အခြေစိုက် RMC ရေဒီယိုသို့ ပြောကြားသည်။






