Saturday, February 7, 2026
spot_img
spot_img

ရီးယဲလ်မက်ဒရစ်အားအနိုင်ရခြင်းမှာ မိမိတို့အတွက် အရေးပါသည့်အောင်ပွဲ ဖြစ်ကြောင်းနှင့် မိမိတို့ ပိုကောင်းအောင်ကစားခဲ့ကြောင်း ဘာစီလိုနည်းပြ ဇာဗီဆို

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်တွင် ယှဉ်ပြိုင်ကစားခဲ့သော ရာသီကြိုခြေစမ်းပွဲစဉ်တွင် မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းအား (၁-ဝ)ဂိုးဖြင့်အနိုင်ရခြင်းမှာ မိမိတို့အတွက် အရေးပါသည့်အောင်ပွဲဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းထက် ပိုမိုကောင်းမွန်အောင်ကစားနိုင်ခဲ့ကြောင်း ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် (၂၄)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော ယင်း El Clasico ခြေစမ်းပွဲစဉ်တွင် ဘာစီလိုနာအသင်းသည် ပွဲချိန် (၂၇)မိနစ်တွင် ကစားသမားသစ် ရာဖင်ညာသွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခု El Clasico ပွဲစဉ်မှာ ဘာစီလိုနာနည်းပြ ဇာဗီအတွက် (၃)ကြိမ်မြောက် El Clasico ပွဲစဉ်ဖြစ်ပြီး ပြီးခဲ့သည့် (၂)ပွဲမှာ ဇန်နဝါရီ (၁၂) ရက်နေ့က ယှဉ်ပြိုင်ခဲ့သော စပိန်စူပါဖလား ဆီမီးဖိုင်နယ် ဘာစီလိုနာ (၂-၃) ရီးယဲလ်မက်ဒရစ်ပွဲစဉ်နှင့် မတ်လ (၂၀)ရက်နေ့ယှဉ်ပြိုင်ခဲ့သော လာလီဂါပွဲစဉ် (၂၉) ရီးယဲလ်မက်ဒရစ် (ဝ-၄) ဘာစီလိုနာပွဲစဉ်တို့ဖြစ်သည်။

ရီးယဲလ်အသင်းနှင့် ပွဲအပြီးတွင် ဇာဗီက “အခုနိုင်ပွဲ (ရီးယဲလ်နဲ့ခြေစမ်းပွဲ) က အရေးပါမှုသိပ်မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ (ဘာစီလိုနာအသင်း)ဟာ ရီးယဲလ်မက်ဒရစ်ကိုအနိုင်ရဖို့ အသွေးအသားထဲက နှစ်သက်သူတွေပါ။ ပထမပိုင်းဟာ စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး၊ ဒုတိယပိုင်းမှာလည်း အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဒီပွဲမှာ ကောင်းမွန်တဲ့ ဘာစီလိုနာအသင်းကိုတွေ့မြင်ခဲ့ရပေမဲ့ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ဒီထက်ပိုကောင်းဖို့လို အပ်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ရီးယဲလ်မက်ဒရစ်ထက် ပိုကောင်းအောင်ကစားနိုင်ခဲ့သလို၊ ဒီနိုင်ပွဲဟာ အသင်းအတွက် အရေးပါတဲ့အောင်ပွဲပါပဲ” ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ရာသီက လာလီဂါအမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သော်လည်း ချန်ပီယံဖြစ်ခဲ့သည့် ရီးယဲလ်မက်ဒရစ်နှင့် (၁၃)မှတ်အထိကွာဟခဲ့သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရီးယဲလ်မက်ဒရစ်အသင်း ချန်ပီယံဆုရရှိချိန်၌ ဘာစီလိုနာအသင်းမှ အုပ်စုအဆင့်မှ အံ့အားသင့်ဖွယ်ထွက်ခွာခဲ့ရသည်။

ထို့ပြင် စပိန်စူပါဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၌လည်း ဘာစီလိုနာအသင်းအနေဖြင့် ရီးယဲလ်အသင်းအားအရှုံးပေးခဲ့ရခြင်းကြောင့် ပြီးခဲ့သည့်ရာသီ ပြိုင်ပွဲစုံ ရီးယဲလ်အသင်းကသာ ပြတ်ပြတ်သားသား အသာစီးရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းနှင့် သက်ဆိုင်သူ အားလုံးမှာ လာမည့်ရာသီသစ်တွင် မဟာပြိုင်ဘက် ရီးယဲလ်အသင်းအား ပြန်လည်အသာစီးရယူနိုင်ရန် ဆန္ဒပြင်းပြနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments