Monday, February 9, 2026
spot_img
spot_img

ရိုးမားအသင်းနည်းပြ မော်ရင်ဟို ဥရောပပွဲစဉ် လေးပွဲပယ်ပြစ်ဒဏ်အတွက် အယူခံဝင်သော်လည်း ပယ်ချခံရ

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် လာမည့်ရာသီ ဥရောပပွဲစဉ်လေးပွဲ ပွဲပယ်ခံရမည့် ပြစ်ဒဏ်အတွက် အယူခံဝင်သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

မော်ရင်ဟိုသည် မေ ၃၁ ရက်က ဆီဗီလာအသင်းအား ပယ်နယ်တီဖြင့် ရှုံးနိမ့်သည့် ၂၀၂၂-၂၀၂၃ ရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးတွင် ကွင်းလယ်ဒိုင်ဖြစ်သည့် အင်္ဂလန်ဒိုင်လူကြီး အန်သိုနီတေလာကို ပြင်းထန်စွာ ဝေဖန်ခဲ့သောကြောင့် လေးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရခြင်းဖြစ်သည်။ 

မော်ရင်ဟိုသည် ပွဲကစားချိန်အတွင်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို အကြိမ်ကြိမ်စောဒတက်ခဲ့သောကြောင့် အချိန်ပိုပြီးဆုံးသည့် မိနစ် ၁၂၀ တွင် အဝါကတ်ပြခံခဲ့ရသည်။ ၎င်းသည် ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် အန်သိုနီတေလာကို ဝေဖန်ပြောကြားခဲ့သလို ကွင်းအတွင်းမှ ပြန်လည်မထွက်ခွာမီ ကားပါကင်၌ တွေ့ဆုံစဉ် ဆဲဆိုသည့်စကားလုံးများဖြင့် ထပ်မံပြောကြားခဲ့သောကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) စည်းကမ်းထိန်းသိမ်းရေးကော်မတီက လာမည့်ရာသီ ဥရောပပွဲစဉ်လေးပွဲ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

မော်ရင်ဟိုက ယင်းပြစ်ဒဏ်အတွက် အယူခံဝင်သော်လည်း စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပယ်ချခဲ့သည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် ၂၀၂၃-၂၀၂၄ ရာသီ ယူရိုပါလိဂ်အုပ်စုပွဲစဉ် ခြောက်ပွဲအနက် အဖွင့်ပွဲလေးပွဲအထိ လွဲချော်မည်ဖြစ်သည်။

ထို့ပြင် ရိုးမားအသင်းအား ချမှတ်ထားသည့် ဒဏ်ကြေး ယူရို ၅၅၀၀၀ နှင့် ဥရောပပြိုင်ပွဲ အဝေးကွင်းပွဲစဉ်တစ်ပွဲ လက်မှတ်ရောင်းချခွင့်ပိတ်ပင်သည့် ပြစ်ဒဏ်အတွက် အယူခံမှာလည်း ပယ်ချခံခဲ့ရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments