ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အမဖြစ်သူ ကီတာ အဗီရို ဟာ မောင်ဖြစ်သူ အပေါ် ဝေဖန်ပြောဆို နေကြတဲ့ ပေါ်တူဂီ ပြည်တွင်း သတင်းစာတွေ ၊ ပရိသတ်တွေကို ပြန်လည် တုန့်ပြန် သွားခဲ့ ပါတယ် ။
စပိန် အသင်း ကို ၁-၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ ရိုနယ်ဒို ဟာ အဓိက တာဝန် ရှိသူတယောက်လို့ သတ်မှတ် ခံရ အပြီးမှာ ဝေဖန်မှုတွေ ပိုမို မြင့်တက် လာခဲ့တာပဲ ဖြစ်ပါတယ် ။
၃၇ နှစ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှူးကြီးဟာ ဒီနှစ်ထဲမှာ သိသိသာသာ ပုံစံ ကျနေခဲ့ပါတယ် ။ ကလပ် အသင်းမှာ ဆိုရင် နည်းပြ တန်ဟတ် ရဲ့ ဦးစားပေး ကစားသမားတောင် မဖြစ်တော့ပါဘူး ။
ဒီရာသီမှာ ပရီးမီးယားလိဂ် တပွဲသာ ပွဲထွက် ကစားခွင့် ရရှိ ထားပြီး ယူရိုပါလိဂ် က ပင်နယ်တီ သွင်းဂိုး ၁ ဂိုးသာ သွင်းယူ ထားနိုင်ပါသေးတယ် ။
ဒီလို ပုံစံကောင်းတွေ ပျောက်ဆုံး နေမှုကြောင့် စပိန် နဲ့ အရေးပါတဲ့ နေးရှင်းလိဂ် ပွဲမှာ ရိုနယ်ဒို ကို Lineup မထည့်ဖို့ ပေါ်တူဂီ ပြည်တွင်း သတင်းစာတွေ ၊ ပရိသတ်တွေ က သုံးသပ် ပြောဆိုခဲ့ကြပါတယ် ။
ဒါပေမယ့် လက်ရွေးစင် နည်းပြကြီး ဖာနန်ဒို ဆန်းတိုစ့် ကတော့ သူယုံကြည် အားထားရတဲ့ တိုက်စစ်မှူးကြီးကို ပွဲထွက် စာရင်းထဲ ထည့်ခဲ့ရုံမက မိနစ် ၉၀ ပြည့်ပါ အသုံးပြု သွားခဲ့ ပါတယ် ။
ရိုနယ်ဒို ဟာ အဆိုပါ ပွဲမှာ အခွင့်အရေးကောင်း ၂ ခု ကို အသုံးမချ နိုင်ခဲ့ပါဘူး ။
ပေါ်တူဂီ ကလည်း စပိန် ကို ၁-၀ နဲ့ ရှုံးနိမ့်ကာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခွင့် ကို လက်လွှတ် ခဲ့ရ ပါတယ် ။
အဆိုပါ ပွဲအပြီးမှာတော့ ရိုနယ်ဒို အပေါ် ဝေဖန်ပြောဆိုမှုတွေ ပိုမို ပြင်းထန်လာကာ ရိုနယ်ဒို မပါတဲ့ ပေါ်တူဂီ ရဲ့ ကမ္ဘာ့ဖလား ပွဲထွက် လူစာရင်းတွေကိုတောင် သုံးသပ် ဖော်ပြမှုတွေ ရှိလာခဲ့ ပါတယ် ။
မောင်ဖြစ်သူ နဲ့ ပတ်သက်လာတိုင်း အမြဲလိုလို ရှေ့ဆုံး ကနေ ကာကွယ်ပေးတတ်တဲ့ ကီတာ ကတော့ ပေါ်တူဂီတွေဟာ ကိုယ်စားတဲ့ ပန်းကန်ထဲကို ကိုယ့်ဘာသာ တံတွေးပြန်ထွေးထည့်သူတွေလို့ သုံးနှုန်းပြီး ရိုနယ်ဒို အတွက် ကာကွယ် ပြောဆို ပေးသွားခဲ့ ပါတယ် ။
“သူ့မှာ သူချစ်တဲ့ မိသားစု ၊ သူ့ကိုချစ်တဲ့ မိသားစု ၊ သူ့ကို ချစ်ကြတဲ့ သူတွေ အများကြီး ရှိပါတယ် ။ အဲ့ဒိ လူတွေက ဘာတွေပဲ ဖြစ်လာဖြစ်လာ သူ့ဘက်မှာပဲ အဆုံးထိ ရပ်တည်ပေးကြမှာပါ ။ အခု ဖြစ်နေတာတွေကို ကျွန်မ မအံ့သြပါဘူး ။
ပေါ်တူဂီတွေက ကိုယ့်ပန်းကန်ထဲကိုယ် ပြန်ထွေး ( တံတွေး ) တတ်တဲ့ သူမျိုးတွေပါ”
“အဲ့တာတွေကြောင့်ပဲ တစုံတယောက်က ပြာပုံထဲကနေ ထိုးထွက်လာပြီး ပါးစပ်ပေါက်တွေကို ပိတ်ပိတ်ပြ ခဲ့ရတာပါ ။ အဲ့ဒိလူက မင်းပါပဲ ငါ့မောင် ၊ ဘုရင်ကြီး ၊ မင်း ဘက်မှာ အမြဲတမ်း ရှိနေပါတယ် ။ စိတ်အေးအေးသာ ထားပါ”
“ပေါ်တူဂီ အတွက် အားလုံး ပေးဆပ်ထားသူတွေ ကို လက်ကမ်းပေးဖို့ လိုအပ်ပါတယ် ။ ဒါပေမယ့် ဒီကလူတွေက နုံချာ ညံ့ဖျင်းတယ် ၊ လေးစားမှု မရှိဘူး နောက်လည်း ရှိလာမှာ မဟုတ်ဘူး ၊ ခံစားတတ်တဲ့ နှလုံးသားလည်း မရှိကြပါဘူး ။ အခု ဒီလူ ( ရိုနယ်ဒို ) က ဒူးတွေညွှတ်နေတာပါ ။ သူ့ကို ကမ်းမယ့် လက်တွေ လိုအပ်နေပါတယ်”
“သူက ပေါ်တူဂီ အတွက် အများကြီးမှ အများကြီး ပေးဆပ် ခဲ့ပြီပါပြီ ။ အခု ( ကွင်းထဲမှာ ) ထိုင်နေတဲ့သူက ခရစ္စတီယာနို ရိုနယ်ဒိုပါ ။ ကမ္ဘာ့အကောင်းဆုံး တယောက်ပါ” လို့ အင်စတာဂရမ်မှာ ရေးသား ပြောဆို သွားခဲ့ ပါတယ် ။
ရိုနယ်ဒို ဟာ မန်ချက်စတာ ကို ပြန်လာပြီး ကလပ် အသင်းရဲ့ ပွကြပ် ကာလ အတွက် ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ် ။
ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေမှာ မြို့ခံ ပြိုင်ဘက် မန်စီးတီး နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး ၈ ရက် အတွင်းမှာ အဝေးကွင်း ၃ ပွဲ ဆက်တိုက် ကစားသွားရမှာပဲ ဖြစ်ပါတယ် ။






