ရာသီအဖွင့် (၁၃)ပွဲကစားပြီး ချိန်တွင် ရမှတ်(၃၄)မှတ် ရယူနိုင်ခဲ့ခြင်းမှာ အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်သမိုင်းတွင် အများဆုံးဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိရလဒ်ဖြင့် နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့သည့် ၂၀၀၃-၀၄ ရာသီမှာပင် ရာသီအစ (၁၃)ပွဲ၌ (၁၀)ပွဲနိုင်၊ (၃)ပွဲသရေဖြင့် (၃၃) မှတ်သာ ရယူနိုင်ခဲ့သည်။ ယခုရာသီတွင် (၁၃)ပွဲ ကစား ပြီးချိန်၌ (၁၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့သောကြောင့် (၃၄)မှတ်ရရှိပြီး ပရီးမီးယားလိဂ်ယှဉ်ပြိုင်ခဲ့သမျှ သက်တမ်းတစ်လျှောက် ရမှတ်အများဆုံးရာသီအဖွင့်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါရမှတ်မှာ ပရီးမီးယားလိဂ်တွင် ရာသီ အဖွင့်ရလဒ်အကောင်းဆုံးအသင်းများ စာရင်း၌လည်း ပါဝင်ခဲ့သည်။ ပရီးမီးယားလိဂ်၌ (၁၃) ပွဲ ကစားပြီးချိန် ရမှတ်အများဆုံး ရယူနိုင်ခဲ့သည်မှာ ၂၀၁၇-၁၈ ရာသီက မန်စီးတီးနှင့် ၂၀၁၉-၂၀ ရာသီက လီ ဗာပူးလ်တို့ဖြစ်ပြီး (၃၇)မှတ်စီ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယရမှတ် အများဆုံးရယူနိုင်ခဲ့သည်မှာ ၂၀၁၁ – ၁၂ ရာသီနှင့် ၂၀၁၈-၁၉ ရာသီတွင် (၃၅)မှတ်စီ ရယူနိုင်ခဲ့သည့် မန်စီးတီးအသင်းဖြစ်ပြီး ယခု အာဆင်နယ်အသင်းက တတိယရမှတ်အများဆုံးနေရာ ရောက်ရှိလာခြင်းဖြစ်သည်။ အာဆင်နယ်နှင့် ရမှတ်တူ စွမ်းဆောင်နိုင်သည့်(၃)သင်းရှိပြီး မန်ယူက နှစ်ကြိမ်၊ နယူးကာဆယ် နှင့် ချယ်လ်ဆီးတို့က တစ်ကြိမ်စီဖြစ်သည်။
အဆိုပါရမှတ်အများဆုံးအသင်းများအနက် နယူးကာဆယ်အသင်းတစ်သင်းသာ ရာသီကုန်ချိန်တွင် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ကြောင်း သိရသည်။






