Saturday, February 7, 2026
spot_img
spot_img

ရာသီသစ်မှာ တောက်ပလာမယ့် ချဲလ်ဆီး အသင်းဖော် တဦးရဲ့ အမည်ကို ထုတ်ဖော်ရင်း ၊ မေဆင်မောင့်ထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ဘန်ချေဝဲလ်

ချဲလ်ဆီး အသင်းဟာ လက်ရှိ အမေရိကန် ရာသီကြို ခရီးစဉ် အတွင်း ခြေစမ်းပွဲ ၃ပွဲ ကစားထားပြီးရာ ၊ ၂ပွဲနိုင် တပွဲသရေ ရလဒ် ထွက်ထားပါတယ် ။ ရလဒ်ပိုင်းထက် အသင်းလိုက် ၊ တဦးချင်း စွမ်းဆောင်ရည်တွေက ရာသီကြိုကာလမှာ ပိုပြီး အခရာကျပြီး ၊ ဒီနေရာတွေမှာ ချဲလ်ဆီး စတား အများစုဟာ ပရိသတ်တွေ မျှော်လင့်ထားတာထက်တောင် ပိုလုပ်ပြနိုင်ခဲ့ပါတယ် ။

ထိုအထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ စျေးကွက် အတွင်း ရှက်တာဒိုးနက်စ်ကနေ ယူရိုသန်း ၇၀နဲ့ ရောက်လာပြီး အဖွင့်ရာသီမှာ ခြေစွမ်း မပြနိုင်ခဲ့တဲ့ ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အထူးသဖြင့် မူဒရစ်ဟာ အရှေ့ ၆လနဲ့ ယှဉ်လိုက်ရင် သိသိသာသာ ခြေစွမ်း တိုးတက်လာပြီး ၊ ဘရိုက်တန်နဲ့ ပွဲမှာ ရခဲ့တဲ့ screamer ကန်ချက် သွင်းဂိုးဟာ ရာသီသစ် အတွက် ၄င်းရဲ့ အကြိုမီးပွား တပွင့်လို့ တင်စားရမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ကတော့ မူဒရစ်ဟာ ရာသီသစ်မှာ အလားအလာကောင်း အတိုင်းအတာ တရပ် အထိ ဖြည့်ဆည်းနိုင်မယ်လို့ ယုံကြည်နေပါတယ် ။

Football London နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ချေဝဲလ် က ” သူ့ဆီကနေ အဆုံးမရှိနိုင်တဲ့ အလားအလာကောင်းတွေ ကျွန်တော် မြင်တွေ့ထားရပါတယ် ။ ဒါတွေ အားလုံး သူ အခုထိ ဖြည့်ဆည်းထားနိုင်ခြင်း မရှိသေးပါဘူး ။ ဒီအကြောင်း ကျွန်တော် သူ့ကို ပြောခဲ့ဖူးပါတယ် ။ အခုမှ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ။ ”

” ဒါတွေကို တရာသီတည်း ဒါမှမဟုတ် နောက်တရာသီတည်းနဲ့ ဖြည့်ဆည်းလို့ ကုန်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ် ။ ဒီနေ့ပဲ ထရိန်နင် အပြီး အဝတ်လဲခန်းမှာ သူနဲ့ စကားပြောခဲ့တာပါ ။ ဘာလို့လဲဆိုတော့ သူဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်း မီးတောက်နေသလို ခြေစွမ်းပြခဲ့လို့ပါ ။ ”

” ဘရိုက်တန်နဲ့ ပွဲမှာ သူ့ရဲ့ ခြေစွမ်းက အတော်လေး တောက်ပခဲ့တယ် ဆိုတာ သိသာနေပါတယ် ။ ဒီခြေစွမ်ကို တရာသီလုံး သူ ထိန်းဖို့ လိုမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ် ။ သူ ဘယ်လောက်ထိ တော်တယ် ဆိုတာ ကျွန်တော်တို့ အားလုံး မြင်ကြပါတယ် ။ ကိုယ်လုပ်နေတဲ့ အရာတွေကိုသာ သူရှေ့ဆက်လုပ်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချေဝဲလ်ဟာ ၄င်းရဲ့ လက်ရွေးစင် အသင်းဖော်လည်းဖြစ် ၊ အခင်မင်ဆုံး အသင်းဖော် မိတ်ဆွေလည်း ဖြစ်တဲ့ ကွင်းလယ်လူ မေဆင်မောင့်နဲ့ ဒီနွေတတွင်းမှာ ခွဲခွာသွားရပါတယ် ။ မောင့်ဟာ ချဲလ်ဆီးနဲ့ စာချုပ် တနှစ် အကျန်မှာ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက်သို့ ပေါင်သန်း ၆၀နဲ့ ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ် ။

မောင့်ထံ မက်ဆေ့ခ်ျ ပေးတဲ့ အနေနဲ့ ချေဝဲလ် က ” မေဆင်ဟာ အသင်းမှာ ကျွန်တော့ရဲ့ အနီးဆုံး မိတ်ဆွေ တဦး ဖြစ်ခဲ့သူပါ ။ ပုဂ္ဂိုလ်ရေး အဆင့်တခု အရ ခင်ဗျားဟာ သူ့ကို အခင်ဆုံး မ်ိတ်ဆွေ တဦး အနေနဲ့ သတိနေရမှာပါ ။ သူနဲ့ အတူ လေ့ကျင့်ရေးကွင်းမှာရော ၊ ပြင်ပမှာပါ အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကိုပေါ့ ။ ”

” အင်စတာဂရမ်မှာ ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ သူဟာ ကျွန်တော် ဒီကလပ်ကို ပြောင်းလာရတဲ့ အကြောင်းအရင်းတွေထဲက တခု ဖြစ်ပါတယ် ။ ဒီတော့ ပုဂ္ဂိုလ်ရေးအရ သူ အသင်းက ထွက်ခွာသွားခြင်းဟာ ကျွန်တော့ အတွက် ဝမ်းနည်းစရာ ဖြစ်ပါတယ် ။ ”

” ဒါပေမယ့် သူ အသင်းပြောင်းသွားခဲ့ရတဲ့ အကြောင်းအရင်း အပေါ် ကျွန်တော် မှတ်ချက်ပေးမှာ မဟုတ်ပါဘူး ။ သူ အကောင်းဆုံး ဖြစ်စေဖို့ ကျွန်တော် ဆုတောင်းပေးသလို ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခု သူ ချနိုင်ခဲ့တယ်လို့ပဲ ကျွန်တော် မျှော်လင့်ပါတယ် ။ သူ့အတွက် ကျွန်တော် ပျော်ရွှင်နေသလို ၊ သူ အဲဒီမှာ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments