Monday, February 9, 2026
spot_img
spot_img

ရာသီသစ်စတင်ရန် နှစ်ပတ်သာလိုတော့သဖြင့် စီရော်နယ်လ်ဒို၏အခြေအနေကို ယခုရက်သတ္တပတ်အတွင်း မန်ယူအသင်း ဖြေရှင်းမည်

၂၀၂၂-၂၀၂၃ ဘောလုံးရာသီသစ် စတင်ရန် နှစ်ပတ်သာလိုတော့သဖြင့် တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ အခြေအနေကို ယခုရက်သတ္တပတ်အတွင်း မန်ယူအသင်း ဖြေရှင်းရမည်ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနက သုံးသပ်ဖော်ပြသည်။

ဝါရင့်ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို (၃၇ နှစ်) သည် မိသားစုကိစ္စအကြောင်းပြချက်ဖြင့် လက်ရှိအချိန်အထိ မန်ယူအသင်း၏ ရာသီကြိုအစီအစဉ်များတွင် ပူးပေါင်းခြင်းမရှိသေးဘဲ ထိုင်းနှင့် သြစတြေးလျ ခြေစမ်းခရီးစဉ်များကို လွဲချော်ခဲ့သည်။

စီရော်နယ်လ်ဒိုအနေဖြင့် အိမ်၌ရှိနေရန်လိုအပ်သည့် အခြေအနေကို လေးစားမှုရှိကြောင်း မန်ယူအသင်းက ထုတ်ပြန်ထားသော်လည်း ယခုအချိန်အထိ ၎င်းနှင့် အဆက်အသွယ်မရှိသေးကြောင်း နည်းပြဖြစ်သူ အဲရစ်တန်ဟက်က သောကြာနေ့တွင် ပြောကြားသည်။

မန်ယူအသင်းသည် သြစတြေးလျခြေစမ်းခရီးစဉ်အပြီးတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် နာရီ ၂၀ ကြာ လေယာဉ်စီး၍ မန်ချက်စတာသို့ပြန်လာရမည်ဖြစ်သောကြောင့် တနင်္လာနေ့ (ယနေ့) ကို နားရက်ပေးထားပြီး အင်္ဂါနေ့မှစတင်ကာ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်မည်ဖြစ်သည်။

ရာသီသစ်စတင်ရန် နှစ်ပတ်သာလိုတော့ရာ စီရော်နယ်လ်ဒိုအနေဖြင့် မည်သည့်အချိန်တွင် လေ့ကျင့်မှုစတင်နိုင်မည်ကို ယခုရက်သတ္တပတ်အတွင်း အကြောင်းကြားရန် လိုအပ်နေသည်။

၎င်းသည် နေအိမ်၌ တစ်ဦးတည်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသော်လည်း အသင်းလိုက်လေ့ကျင့်မှုအစီအစဉ်တွင် တစ်ကြိမ်မျှ ပါဝင်ရခြင်းမရှိသေးသဖြင့် အသင်း၌ဆက်နေရန် ဆုံးဖြတ်ခဲ့လျှင်ပင် ဘရိုက်တန်အသင်းနှင့် ရာသီအဖွင့်ပွဲတွင် ပါဝင်နိုင်ဖွယ်မရှိကြောင်း တန်ဟက်က သုံးသပ်ပြောကြားထားသည်။ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းနှင့် စာချုပ်တစ် နှစ်ကျန်သေးသော်လည်း ယခုနွေရာသီတွင် လမ်းခွဲရန် ဆန္ဒရှိသဖြင့် အသင်းနှင့်ပူးပေါင်းရန် ပျက်ကွက်နေခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။ Daily Mirror သတင်းဌာနက မန်ယူအသင်းအနေဖြင့် စီရော်နယ်လ်ဒိုကို အငှားစာချုပ်ဖြင့် ထွက်ခွာခွင့်ပြုဖွယ်ရှိကြောင်း ဖော်ပြပြီး The Times သတင်းဌာနကလည်း ၎င်းအားခေါ်ယူရန် အက်သလက်တီကိုအသင်းက ရေပန်းစားနေကြောင်း ဖော်ပြထားသည်။

နာမည်ကြီး အားကစားဂျာနယ်လစ်တစ်ဦးဖြစ်သူ ဘန်ဂျေကော့ဘ်၏ ပြောကြားမှုအရ စီရော်နယ်လ်ဒို၏ တစ်ပတ်လစာ ယူရို ၄၃၅၀၀၀ မှာ ၎င်းအားခေါ်ယူရန် အခက်တွေ့ စေမည့် အဓိကအချက်ဖြစ်ပြီး ကစားသမားကိုယ်တိုင်ကမူ အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့ခွင့်ရပါက လစာကို ရာခိုင်နှုန်း ၃၀ လျှော့ယူ ရန် ဆန္ဒရှိနေကြောင်း သိရသည်။

သို့သော် အက်သလက်တီကိုအသင်းမှာ တိုက်စစ်ပိုင်းတွင် ဂရီးဇ်မန်း၊ မိုရာတာတို့ကဲ့သို့ လစာမြင့်မားသူများရှိနေသဖြင့် ကစားသမားအချို့ကိုရောင်းချမှသာ ခေါ်ယူနိုင်ဖွယ်ရှိနေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments