အာဆင်နယ်ဂိုးသမား ရာယာက ၎င်းအနေဖြင့် အသင်းဖော်ဂိုးသမား ရမ်းစ်ဒေးလ်ထံမှ ပထမဂိုးသမားနေရာကို ရယူခဲ့သော်လည်း ၎င်းတို့ နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန်အဆင်ပြေကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈) နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ဂိုးသမား ရာယာသည် ပြီးခဲ့သည့်နွေကမှ ဘရန့်ဖို့ဒ်အသင်းမှ အာဆင်နယ်အသင်းထံသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

အာဆင်နယ်နည်းပြ အာတီတာသည် ရာသီအစပိုင်းပွဲစဉ်များတွင် ရမ်းစ်ဒေးလ်ကိုသာ အဓိက ဂိုးသမားအဖြစ် အသုံးပြုခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ရာယာကို ပထမဂိုးသမားအဖြစ် အသုံးပြုလျက်ရှိသည်။
ရာယာအနေဖြင့် ယင်းကဲ့သို့ ရမ်းစ်ဒေးလ်ထံမှ အာဆင်နယ်အသင်း၏ပထမဂိုးသမားနေရာကို ရယူခဲ့သော်လည်း ၎င်းတို့နှစ်ဦး၏ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရာယာက “ကျွန်တော်နဲ့ ရမ်းစ်ဒေးလ်တို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ (ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်မှုတွေ ရှိပေမဲ့) နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ အသင်းဖော် ဖြစ်ပါတယ်။ ဒါက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အရမ်းအဆင်ပြေပါတယ်။ ဘာပြဿနာမှ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရာယာက မိမိအနေဖြင့် လက်ရှိတွင် အာဆင်နယ်အသင်း၌ ပျော်ရွှင်နေသော်လည်း အနာဂတ်တွင် လာလီဂါပြိုင်ပွဲ၌ ကစားလိုကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။






