၂၀၂၃ – ၂၀၂၄ ဘောလုံးရာသီ အမီ ရင်ဘတ်စပွန်ဆာသစ် ရှာဖွေနေတဲ့ ချဲလ်ဆီးဟာ မနေ့ကပဲ အားကစားနဲ့ စက်မှုဇီဝပိုင်းဆိုင်ရာ ကုမ္ပဏီ တခု ဖြစ်တဲ့ Infinite Athlete ထံမှ တနှစ် ပေါင်သန်း ၅၀တန် ရင်ဘတ်စပွန်ဆာ ကမ်းလှမ်းမှု ရရှိထားကြောင်း The Telegraph သတင်းဌာနက ဖော်ပြလာပါတယ် ။
ချဲလ်ဆီးဖက်က ထိုကမ်းလှမ်းမှု အပေါ် တစုံတရာ မှတ်ချက်ပေးထားခြင်း မရှိပေမယ့် ၊ Infinite Athlete ဟာ ခြင်္သေ့ပြာတို့ရဲ့ ရင်ဘတ်စပွန်ဆာသစ် ဖြစ်လာဖို့ ထိပ်ဆုံးက ပြေးနေပါတယ် ။ ဒါ့အပြင် ယင်းစပွန်ဆာအမည်ပါရှိတဲ့ ဂျာစီနဲ့ Matchday Programme အတွက် မိတ်ဆက်မှု လုပ်နေတာကို တွစ်တာမှ ပေါက်ကြားလာတဲ့ ဓာတ်ပုံ အထောက်အထားအရ သိရပါတယ် ။
ုပြီးခဲ့တဲ့ ဧပြီလကမှ ချဲလ်ဆီးဟာ Infinite Athlete မှ ခွဲထွက်ထားတဲ့ Tempus Ex Machina နည်းပညာ ကုမ္ပဏီနဲ့ သီးသန့် စပွန်ဆာ အဖြစ် ၇နှစ်စာချုပ်ချုပ်ဆိုခဲ့ပါသေးတယ် ။

အငှားထွက်နိုင်တဲ့ သတင်းတွေမှာ အမေရိကန် ယူ၂၀ ဂိုးသမား ဂါဂါ ဆလိုနီနာဟာ ဘယ်လ်ဂျီယမ် ပထမတန်းလိဂ် ကလပ် KAS ယူပန် အသင်းနဲ့ နောက်ဆုံး စာချုပ် အချက်အလက် အားလုံး ဆွေးနွေးညှိနှိုင်းမှု ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ် ။ ဒီတော့ ၄င်းရဲ့ ပထမဆုံး ဥရောပ အတွေ့အကြုံကို ချဲလ်ဆီး ပရိသတ်တွေ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ် ။
အလားတူ အီတလီ ယူ၂၀ ကွင်းလယ်လူ ချက်ဆာရေး ကာဆာဒေးဟာလည်း မနေ့က ကြေညာခဲ့တဲ့ Squad Number စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့တာကြောင့် ၊ အငှားထွက်ဖို့ လက်တကမ်း အလို ရောက်နေပြီ ဖြစ်ပါတယ် ။ ကနဦးမှာ ချန်ပီယံရှစ် ကလပ် လက်စတာ တသင်းတည်းသာ ကာဆာဒေးကို အငှားခေါ်ဖို့ တောက်လျှောက် ကြိုးပမ်းခဲ့ပါတယ် ။
သို့ပေမယ့် မနေ့က ထွက်လာတဲ့ သတင်းတွေ အရ စီးရီးအေ ကလပ် ဂျီနိုအာ အသင်းဟာ ကာဆာဒေးကို ကြားဖြတ် အငှားခေါ်ဖို့ လုပ်ဆောင်လာပြီး ၊ ကစားသမားဖက်ကတော့ အီတလီ ပြန်ပြီး အတွေ့အကြုံ ရှာဖို့ ပိုပြီး အလေးသာနေတယ်လို့ ယူဆမှုတွေလည်း ရှိထားပါတယ် ။

Squad Number စာရင်းမှာ ပါဝင်ပေမယ့် အငှားထွက်နိုင်ခြေ ရှိသေးတဲ့ နောက်ကစားသမား တဦးက နယ်သာလန် ယူ၂၀ ဘယ်နောက်ခံလူ အီယန် မတ်ဆင် ဖြစ်ပြီး ၊ ၄င်းကို ဝက်စ်ဟမ်း အသင်းက တရာသီ အငှား + ပေါင်သန်း ၂၀နဲ့ အပြီးသတ် ခေါ်ယူခွင့် ကမ်းလှမးမှုမျိုး လုပ်ဖို့ ကြိုးစားနေကြောင်း The Guardian သတင်းဌာနက ဖော်ပြထားပါတယ် ။
ချဲလ်ဆီးဖက်က မတ်ဆင်ကို ရောင်းချဖို့ မဟုတ်တဲ့ ကစားသမား အဖြစ် သတ်မှတ်ထားခြင်း မရှိပေမယ့် ယင်းနယ်သာလန်ကြယ်ပွင့်ဟာ လက်ရှိ နည်းပြ မော်ရစ်စီယို ပိုချက်တီနို လက်ထက် ရာသီကြိုကာလ အတွင်း တိုက်စစ်က နေရာစုံနီးနီး ကစားပေးနိုင်ခဲ့တာကြောင့် ၄င်းကို ထုတ်ရောင်းဖို့ အလားအလာက နည်းပါးတယ်လို့ ယူဆရမှာ ဖြစ်ပါတယ် ။
မနေ့က တရားဝင် အငှားထွက်သွားတဲ့ ကစားသမားကတော့ ဒီနွေတတွင်းမှာပဲ ဆန်းတို့စ်ကနေ ပေါင် ၁၅သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဘရာဇီး ဆယ်ကျော်သက် တောင်ပံကစားသမား ဂါဘရီရယ် အိန်ဂျယ်လို ဖြစ်ပြီး ၊ ၄င်းဟာ ချဲလ်ဆီးနဲ့ အကျိုးတူမိတ်ဖက်ကလပ် စထရားစ်ဘော့ဂ်သို့ အငှားတရာသီ ထွက်ခွာသွားတာ ဖြစ်ပါတယ် ။
နောက်ဆုံး အငှားသတင်း တပုဒ်ကတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ ချဲလ်ဆီး ဂိုးသမား ကီပါ အရီဇာဘာလာဂါကို တရာသီ အငှား + အပြီးသတ် ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူခွင့် ရဖို့ ဆွေးနွေးနေကြောင်း စပိန် သတင်းဌာန Relevo က ဖော်ပြလာပါတယ် ။
မန်နူရယ် နူအာနဲ့ အင်တာမီလန်သို့ ပြောင်းရွှေ့သွားတဲ့ ယန်ဆွန်းမားတို့ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ ဘိုင်ယန်ဖက်က ဂိုးသမားသစ် ၂ဦး ရှာဖွေဖို့ ကြိုးစားနေပြီး ၊ ကီပါဟာ အခြားသော ပစ်မှတ် ၂ဦးနဲ့ အတူ ဘိုင်ယန်ရဲ့ Shortlist ထဲ ပါဝင်နေတာ ဖြစ်ပါတယ် ။






