မန်ယူသည် မနေ့ညက အဲဗာတန်နှင့်ကစားသည့်ပွဲတွင် အိမ်ကွင်း၌ ၂-၀ ဖြင့်အနိုင်ရရှိခဲ့သည်။ မန်ယူအတွက် ဂိုးများကို မာစီရယ်နှင့် မက်တော်မီနေးတို့က သွင်းယူပေးခဲ့သည်။ ထိုပွဲအပြီးတွင် မန်ယူသည် ၂၉ ပွဲကစား ၅၆ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး အဆင့် ၅ နေရာမှ စပါးသည် မန်ယူထက် တစ်ပွဲပိုကစားထားပြီး ၃ မှတ်လျော့နည်းနေသည်။
ထိုပွဲတွင် အနိုင်ရခဲ့သော်လည်း မန်ယူအတွက် လက်ရှိဘောလုံးရာသီတွင် ဂိုးအများဆုံးသွင်းယူထားသော ရက်ရှ်ဖို့သည်ပေါင်တွင်းကြောဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၈၁ မိနစ်တွင် ဝက်ဂ်ဟော့စ်နှင့် လူစားလဲခဲ့ရသည်။

မန်ယူသည် ကြာသပတေးနေ့တွင် ဆီဗီလာနှင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကစားရန် ရှိနေပြီး ရက်ရှ်ဖို့၏ ဒဏ်ရာ အခြေအနေမှာ သိပ်မကောင်းကြောင်း အဲဗာတန်ကို အနိုင်ရသည့်ပွဲအပြိးတွင် တန်းဟက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ရက်ရှ်ဖို့၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ တန်းဟက်က “အခုအချိန်မှာ အများကြီး ပြောစရာ မရှိပါဘူး။ ကျွန်တော်က ဆရာဝန်တစ်ဦးလည်း မဟုတ်ဘူးလေ။ အချိန်တစ်ခုပေးပြီး စောင့်ကြည့်ရမယ်။ အခုအချိန်ဆရာဝန်တွေကိုမေးလည်း စောင့်ကြည့်ရမယ်ပဲ ဖြေမယ်ထင်ပါတယ်”

“ပရီးမီးယားလိဂ်က ဘာဖြစ်လို့ မန်ယူအသင်းကို တနင်္ဂနွေနေ့နောက်ကျပွဲတွေ စနေနေ့ နေ့လည်ပွဲတွေ ကစားခိုင်းနေလည်း မသိပါဘူး။ ကစားသမားတွေက အချိန်တိုအတွင်းမှာ ချက်ချင်းပွဲပန်းတဲ့ဒဏ်ရနေ ပြန်သက်သာလာဖို့မလွယ်ပါဘူး။ ဘောလုံးသမားတွေအတွက် လုံလောက်တဲ့အနားယူဖို့ အချိန်တစ်ခုလိုအပ်ပါတယ်။ တစ်ပွဲပြီး တစ်ပွဲ ပွဲဆက်တွေများလာတော့ ဒဏ်ရာ ရလာနိုင်တဲ့ အခွင့်အရေးက ပိုများလာပါတယ်။ မန်ယူက လက်ရှိ ပွဲကစားတာများနေတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ရက်ရှ်ဖို့ကို ပွဲအများကြီး မနားရပါစေနဲ့လို့ အခုတော့ ဆုတောင်းနေရပါပြီ။ ကျွန်တော်တို့ အခုလောက်ပွဲဆက်တွေ အများကြီးကစားဖို့လိုအပ်လို့လား”ဟု တန်းဟက်က ထုတ်ဖော်ပြောဆိုလိုက်သည်။






