ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားက မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အနေဖြင့် ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မည့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် နေရာမရနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက ပြိုင်ပွဲစုံ ၅၆ ပွဲတွင် ဂိုး ၃၀ အထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သည်။ သို့သော် ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၃၅ ပွဲတွင် ရှစ်ဂိုးသာ သွင်းယူထားနိုင်သေးသည်။
ထို့ပြင် ရပ်ရှ်ဖို့ဒ်သည် ညလုံးပေါက် ကလပ်တက်ခဲ့ခြင်းကြောင့် နောက်တစ်နေ့တွင် အသင်း၏လေ့ကျင့်ရေးအစီအစဉ်ကို တက်ရောက်နိုင်ခြင်းမရှိသည့်အတွက်လည်း မန်ယူအသင်း၏ ဒဏ်တပ်ရိုက်ခြင်းကို ခံခဲ့ရသေးသည်။ ရပ်ရှ်ဖို့ဒ်အနေဖြင့် ယခုရာသီတွင် ကွင်းတွင်းကွင်းပြင် ပြဿနာများနှင့်ရင်ဆိုင်နေရပြီး ခြေစွမ်းမှာလည်း ပြီးခဲ့သည့်ရာသီကနှင့် နှိုင်းယှဉ်လျှင် ဆိုးဆိုးရွားရွား ကျဆင်းသွားခဲ့သည်။

ထို့ကြောင့် ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်နိုင်ငံတကာရက်သတ္တပတ်အတွင်း ဘရာဇီးလ်၊ ဘယ်လ်ဂျီယံတို့နှင့် ခြေစမ်းပွဲကစားသည့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသော်လည်း ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရသည်။ ရပ်ရှ်ဖို့ဒ်အနေဖြင့် ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့နှင့် ကစားခဲ့သည့် ခြေစမ်းပွဲများတွင် အင်္ဂလန်အသင်းအတွက် မိနစ် ၂၀ သာ ကစားခွင့်ရခဲ့ကြောင်း သိရှိရသည်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်သည် အဆိုပါခြေစမ်းပွဲများတွင် ယခုရာသီတွင် ခြေစွမ်းပြနေသည့် ဖိုဒန်၊ ဘိုဝင်၊ ဂေါ်ဒွန်တို့ ကိုသာ အသုံးပြုခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကို ဘရာဇီးလ်အား ရှုံးနိမ့်သည့်ပွဲတွင် လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အလန်ရှီးယားက ရပ်ရှ်ဖို့ဒ် အနေဖြင့် လက်ကျန်ရာသီတွင် မန်ယူအသင်း၌ ခြေစွမ်းပြနိုင်လျှင်ပင် ယူရို-၂၀၂၄ ပြိုင်ပွဲဝင် မည့် အင်္ဂလန်အသင်း၌ နေရာရရန် မလွယ်ကူကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အလန်ရှီးယားက “ရပ်ရှ်ဖို့ဒ်အနေနဲ့ ရာသီကုန်ချိန်အထိ ခြေစွမ်းပြမယ်ဆိုရင်တောင် အင်္ဂလန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့က ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်ပဲ ဆိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကံမကောင်းရင် ရပ်ရှ်ဖို့ဒ်အနေနဲ့ ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရနိုင်တယ်လို့တောင် ထင်ပါတယ်။ ရပ်ရှ်ဖို့ဒ်က အထောင်တိုက်စစ်မှူး မဟုတ်ပါဘူး။ သူက အဲဒီနေရာမှာလည်း မကစားချင်ဘူး။ သူက တောင်ပံမှာ ကစားသူဖြစ်ပြီး လိုအပ်ရင်တော့ တိုက်စစ်မှူးအဖြစ် ကစားနိုင်ပါတယ်။ ဒါပေမဲ့ သူ တိုက်စစ်နေရာမှာ မကစားချင်ဘူးဆိုတာကို မန်ယူပွဲတွေ ကြည့်ရင် သိနိုင်ပါတယ်။ တိုက်စစ်မှာ ကစားရင်လည်း သူ့အနေနဲ့ ဟာရီကိန်း၊ တိုနေးနဲ့ ဝက်ကင်စ်တို့ကို ကျော်ပြီး အင်္ဂလန်မှာ နေရာမရနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။






