Tuesday, January 20, 2026
spot_img
spot_img

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းလူစာရင်း၌ ရွေးချယ်ခံရရန် အာမခံချက်မရှိဟု  ရပ်ရှ်ဖို့ဒ်နှင့် ဂရီးလစ်ရှ်တို့ကို ဆောက်ဂိတ် သတိပေး

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က မန်ယူအသင်း၏ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်နှင့် မန်စီးတီးအသင်း၏ တိုက်စစ်ကစားသမား ဂရီးလစ်ရှ်တို့ ကို ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ရွေးချယ်ခံရရန် အာမခံချက်မရှိဟု သတိပေးပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ရပ်ရှ်ဖို့ဒ်(၂၆ နှစ်)နှင့် ဂရီးလစ်ရှ်(၂၈ နှစ်)တို့သည် အင်္ဂလန်လက်ရွေးစင်အသင်း၏ စီနီယာကစားသမားများ ဖြစ်သော်လည်း လက်ရှိရာသီတွင် နှစ်ဦးစလုံး သက်ဆိုင်ရာကလပ်အသင်းများတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့် ဆောက်ဂိတ်က သတိပေးခဲ့ခြင်းဖြစ်သည်။ ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း၏ အမာခံကစားသမားအဖြစ် နေရာရရှိနေဆဲဖြစ်သော်လည်း ပြီးခဲ့သည့်ရာသီနှင့် နှိုင်းယှဉ်ပါက ဂိုးသွင်းနှုန်းများစွာ ကျဆင်းသွားခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံတွင် ဂိုး(၃၀)အထိသွင်းယူကာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးရာသီအဖြစ် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ပြိုင်ပွဲစုံ၌ (၇)ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။ ဂရီးလစ်ရှ်မှာမူ ယခုရာသီတွင် ဒဏ်ရာပြဿနာများ၊ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်များဖြင့် ပုံမှန်ပွဲကစားခွင့်မရဘဲ ရုန်းကန်နေရခြင်းဖြစ်သည်။ ဂရီးလစ်ရှ်သည် မန်စီးတီးအသင်း နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် နယူးကာဆယ်အသင်းနှင့် FA ဖလားပွဲစဉ်တွင် အရန်စာရင်း၌ ပြန်လည်ပါဝင်လာခဲ့သော်လည်း ဆောက်ဂိတ်၏ အင်္ဂလန်အသင်း လူစာရင်းတွင် ရွေးချယ်ခြင်းမခံခဲ့ရပေ။ မတ်လနိုင်ငံတကာ ရက်သတ္တပတ်အတွင်း ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့နှင့် ခြေစမ်းကစားရန် အင်္ဂလန်လက်ရွေးစင်(၂၅)ဦးစာရင်းကို ရွေးချယ်ခဲ့ရာတွင် ဆောက်ဂိတ်က ရပ်ရှ်ဖို့ဒ်ကို ရွေးချယ်ပြီး ဂရီးလစ်ရှ်ကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးနှင့် ပတ်သက်၍ ဆောက်ဂိတ်က “ရပ်ရှ်ဖို့ဒ်ဟာ ဂေါ်ဒွန်နဲ့ ပြိုင်ရမယ်၊ ပါလ်မာနဲ့ ပြိုင်ရမယ်၊ ဖိုဒန်နဲ့ ပြိုင်ရပါမယ်။ ဒီနေရာအတွက် ကျွန်တော်တို့အသင်းမှာ ပြိုင်ဆိုင်မှု ကြီးမားနေပါတယ်။ ကစားသမားတွေမှာ သူတို့ ရဲ့ကလပ်အသင်းနဲ့ ဆိုင်တဲ့ကိစ္စတွေ ရှိနေပါတယ်။ ဘယ်လို ရှေ့ဆက်မလဲဆိုတာ သူတို့ သေသေချာချာ သိပါတယ်။  အရာအားလုံးကို ကျွန်တော်တို့ စောင့်ကြည့်ပါတယ်။ ကွင်းပြင်ပအပြုအမူတွေက လူရွေးချယ်မှုနဲ့ ဆက်စပ်မှု မရှိဘူးလို့ ကျွန်တော် မပြောပါဘူး။ ဒါပေမဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကို ကျွန်တော်တို့ အဓိကထားပါတယ်။ ဂေါ်ဒွန်၊ ဘိုဝင်တို့က ကစားတာကောင်းပါတယ်။ ဂိုးတွေလည်း ပုံမှန်သွင်းနေပါတယ်။ သူတို့ အသင်းအတွက် ကောင်းကောင်းစွမ်းဆောင်ပေးနိုင်သလို၊ ပြင်းပြင်းထန်ထန်လည်း ကြိုးပမ်းပါတယ်။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ အာမခံချက် မပေးနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားတွေအတွက် သေချာနေတဲ့ နေရာတွေကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့အတွက် ရပ်ရှ်ဖို့ဒ်က ဘာတွေယူဆောင်လာနိုင်သလဲဆိုတာ သိပေမဲ့ လက်ရှိ အချိန်ကနေ ရာသီကုန်တဲ့အထိ ကစားသမားအားလုံး အတူတူပဲ စွမ်းဆောင်ပြရမှာပါ” ဟု ပြောကြားခဲ့သည်။

ယူရို-၂၀၂၄ ပြိုင်ပွဲကို ဂျာမနီနိုင်ငံတွင် ဇွန်(၁၄)မှ ဇူလိုင်(၁၄)အထိ ကျင်းပမည်ဖြစ်ပြီး အင်္ဂလန်အသင်းသည် အုပ်စု (C)တွင် ဆလိုဗေးနီးယား၊ ဒိန်းမတ်၊ ဆားဘီးယား တို့နှင့်အတူ ကျရောက်နေသည်။ အင်္ဂလန်အသင်းသည် ကစားသမားကောင်းများစွာကို ပိုင်ဆိုင်ထားသည့်အတွက် ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments