ဒူးအရွတ်ဒဏ်ရာရရှိနေသည့် ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာသည် လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း အတည်ပြုပြောကြားသည်။
“မျှော်လင့်ထားတာထက် အနည်းငယ်ပိုကောင်းခဲ့ရင်တောင် အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း သွားနေပါတယ်။ လေးလကြာပြီးမှ ပုံမှန်လမ်းလျှောက်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လမ်းလျှောက်လေ့ကျင့်ခန်းကို တစ်ပတ်ကြာပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ကျွန်တော့်မှာ ဘာအဟန့်အတားမှ မရှိပါဘူး။ အခုချိန်မှာ အရေးကြီးတာက စိတ်ရှည်သည်း ခံဖို့ပါပဲ။ ကလပ်ကလည်း ကျွန်တော့်ကို ရာနှုန်းပြည့် ပြန်ကောင်းစေချင်တယ်။ အယုံအကြည်ပျက်အောက်လည်း မလုပ်ချင်ပါဘူး။ ဒီရာသီမှာ ပွဲတွေမကစားရင် အဆင်ပြေမှာပါ။ ဒဏ်ရာကြောင့် ကျွန်တော့်အနေနဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ မကစားနိုင်တော့ပါဘူး။ ပထမဆုံးက ကျွန်တော် ရာနှုန်းပြည့်ကောင်း မွန်ဖို့ပါ။ ရက်သတ်မှတ်တာမျိုး မရှိရင်တော့ ပိုကောင်းပါတယ်။ ကံကောင်းရင် ကျွန်တော် မေလအတွင်း ပြန်ကစားနိုင်မှာပါ။ ဒါပေမဲ့ ပြိုင်ပွဲကြီးတစ်ခုအတွက် ကျွန်တော် ရာနှုန်းပြည့်အသင့်ရှိနေမှာ မဟုတ်ပါဘူး”ဟု ကော်တိုအာက ဘယ်လ်ဂျီယံမီဒီယာ Sporza နှင့် အင်တာဗျူးတွင် ပြောကြားသည်။

ကော်တိုအာသည် ပြီးခဲ့သည့်ဇွန်လက ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင်တာဝန်ပေးမှုနှင့်ပတ်သက်ပြီး နည်းပြ တယ်ဒယ်စကိုနှင့် သဘောထားကွဲလွဲကာ အက်စ်တိုးနီးယားနှင့် ယူရိုခြေစစ်ပွဲမတိုင်မီ အသင်းမှ ထွက်ခွာခဲ့သည်။ ကော်တိုအာက ယင်းလုပ်ရပ်အတွက်လည်း ပြန်လည်တောင်းပန်ခဲ့သည်။






