မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ရိုးမား အသင်းဟာ လေဗာကူဆင် အသင်းကို အဝေးကွင်းမှာ ဂိုးမပေးခဲ့ရပဲ ၊ ပထမအကျော့ ၁ – ၀ ရလဒ်နဲ့ ဗိုလ်လုပွဲသို့ တက်ရောက်သွားပါတယ် ။ ဒါဟာ ရိုးမားနဲ့ ဟိုဆေး မော်ရင်ဟို အတွက် မတူညီတဲ့ ဥရောပ ပြိုင်ပွဲ ၂ခုရဲ့ ဖိုင်နယ်တွေကို ၂နှစ်ဆက် တက်လှမ်းနိုင်ခြင်း ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖိုင်ယင်နော့ကို အနိုင်ရကာ ကွန်းဖရန့်လိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မော်ရင်ဟိုနဲ့ ရိုးမားဟာ အခုတခါ ယူရိုပါလိဂ်ဖိုင်နယ်မှာ ယူရိုပါလိဂ် အရှင်သခင် ဖြစ်တဲ့ ဆီဗီလာနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ် ။

မနေ့ကပွဲမှာ ရိုးမားဖက်က ဒဏ်ရာ ပြဿနာ အချို့ ရှိနေခဲ့သလို ၊ မော်ရင်ဟိုရဲ့ total defence ကစားဟန်ကြောင့် ဂိုးပေါက်ခြိမ်းခြောက်မှု တကြိမ်သာ ရခဲ့ကာ ၊ ခံစစ်ကလည်း အထူး အလုပ်ရှုပ်ခဲ့ပါတယ် ။ အဆုံးမှာတော့ လိုအပ်တဲ့ ဂိုးမရှိသရေ ရလဒ်ကို ရောမသားတို့ တူးဖော်ယူဆောင်သွားကြပါတယ် ။
ပွဲပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ မော်ရင်ဟို က wing-back နေရာမှာ လီယိုနာဒို စပင်နာဇိုလာနဲ့ ဇက်ကီ ချဲလစ်တို့ အသီးသီး ဒဏ်ရာရခဲ့ကြတာက ၄င်းတို့ကို ခက်ခက်ခဲခဲ ရုန်းကန်ရစေခဲ့ကာ ၊ လူစားဝင်လာတဲ့ စမောလင်း ၊ ညာခြမ်း ရွှေ့ကစားခဲ့တဲ့ အကယ်ဒမီ လူငယ် ဘိုဗေးတို့ရဲ့ ကြိုးစား အားထုတ်မှု အပေါ် အခုလို ကျေးဇူးတင်ခဲ့ပါတယ် ။

မော်ရင်ဟို က ” ကျွန်တော်တို့ရဲ့ အရန်ခုံမှာ စမောလင်းသာ မရှိခဲ့ရင် ကျွန်တော်တို့ ဗိုလ်လုပွဲဆီ တက်နိုင်ခဲ့ချင်မှ တက်နိုင်ခဲ့မှာပါ ။ ကျွန်တော်တို့ဟာ စပင်နာဇိုလာကို ပထမဦးစွာ ဆုံးရှုံးခဲ့ရပါတယ် ။ အဲဒီနောက် ချဲလစ်ခ်ပါ ထပ်နာသွားခဲ့ပါတယ် ။ အကယ်၍ ကျွန်တော်တို့မှာ စမောလင်း ရှိမနေခဲ့ရင် ၊ အခြေအနေက အရမ်း ခက်ခဲခဲ့မှာပါ ။ ”
” အသေးစိတ် အချက်အလက်တွေက ကွဲပြားခြားနားမှု ဖြစ်စေပါတယ် ။ နောက်ပြီး ဘိုဗေးကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်နိုင်ပါတယ် ။ သူဟာ ညာခြမ်းကို ထွက်ပြီး ကစားလေ့မရှိတဲ့ နေရာမှာ ကစားပေးခဲ့ပါတယ် ။ ကောင်လေးတွေက အရာရာ ပေးဆပ်ခဲ့ကြတာပါ ။ ”

” ဒီပွဲဟာ ကျွန်တော်တို့ ကြိုးစားအားထုတ်မှု ၊ အတွေ့အကြုံ ၊ နည်းစနစ် ပါးနပ်မှု ၊ ပွဲအတွင်း ဘယ်လိုဆက်ရှိနေမလဲ ဆိုတာ သဘောပေါက်ခြင်းရဲ့ ရလဒ်ပါပဲ ။ ဒါဟာ အံ့သြဖွယ် အသင်း တသင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး မော်ရင်ဟို က ” ရိုးမားရဲ့ သမိုင်းကြောင်း စာအုပ်ထဲမှာ မပါနိုင်ခဲ့မှာကိုပဲ ကျွန်တော် စိုးရိမ်ပါတယ် ။ ဒါက ဒီချာတိတ်တွေ တိုးတက်လာဖို့ ၊ အောင်မြင်မှုတွေ ဆွတ်ခူးဖို့ အထောက်အကူ ပေးနေပါတယ် ။ ဒါဟာ ကျွန်တော့ကို ရောက်လာတဲ့ ပထမဆုံးနေ့ကစပြီး ထောက်ခံ အားပေးလာတဲ့ ရိုးမား ပရိသတ်တွေကိုလည်း ကူညီပေးရာ ရောက်ပါတယ် ။ ”

” နောက်ထပ် ဗိုလ်လုပွဲ တခုဆီ တက်ရောက်နိုင်ခဲ့တာက တကယ်ကို ကြီးကျယ်တဲ့ ပျော်ရွှင်မှုပါပဲ ။ ကျွန်တော်သာ ရိုးမား ပရိသတ်တွေကို ဒီထက် တောင်းဆိုပေးနိုင်မယ်ဆိုရင် သူတို့ဟာ လာမယ့် တနင်္လာနေ့မှာ စပါယ်ရှယ်အရာ တခုခ ရဖို့ ထိုက်တန်ပါတယ် ။ ထရီဂိုးရီးယားက ထရိန်နင်ကစပြီး လာမယ့် ပွဲအထိပေါ့ ။ ”
” အီတလီ ကလပ် ၃သင်း ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တာက အီတလီ ဘောလုံးလောက အတွက် ကောင်းတဲ့ အရာ တခုပါပဲ ။ ဆီဗီလာနဲ့ ယူဗင်တပ်စ်ဟာ အရမ်း အင်အား တောင့်တင်းတဲ့ ကလပ် ၂သင်းပါ ။ ကျွန်တော် အစောပိုင်းမှာ စိုးရိမ်ခဲ့တာက သူတို့နဲ့ ဆီမီးဖိုင်နယ်မှာ မရင်ဆိုင်ရဖို့ ဖြစ်ပါတယ် ။ ဗိုလ်လုပွဲဆီ အရင်ဆုံး ရောက်ဖို့ပေါ့ ။ ဒီပွဲက ကျွန်တော်တို့ အတွက် အရမ်း ခက်ခဲပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






