ဝုလ်ဘာဂါအား လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သော ယူရိုပါလိဂ်(၃၂)သင်း ရှုံးထွက် ပထမအကျော့တွင် အကောင်းဆုံး ခြေစွမ်းပြခဲ့သော ဝေးလ်တောင်ပံကစားသမား ဂါရတ်ဘေးလ် အတွက်ပျော်ရွှင်မိကြောင်း၊ ဘေးလ်နှင့် ကစားရသည့်အပေါ် အမှန်တကယ်ကျေနပ်မိကြောင်း စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ပြောဆိုခဲ့သည်။
စပါးသည် နှစ်ပွဲဆက် ရှုံးနိမ့်ထား၍ အဝေးကွင်းပွဲကို ဖိဖိစီးစီးကစားခဲ့ပြီး ပထမပိုင်း၌ပင် သုံးဂိုးပြတ် အနိုင်ကစားခဲ့သည်။ စပါးအသင်း ပွဲထွက်လူစာရင်းတွင် အဓိကတိုက်စစ်မှူး ဟယ်ရီကိန်း မပါဝင်ခဲ့သော်လည်း ဆွန်ဟောင်မင်၊ ဂါရတ်ဘေးလ်နှင့် လူးကပ်စ်မိုရာ အစရှိသော ကစားသမားများဖြင့် လူစုံခဲ့သည်။
ဂါရတ်ဘေးလ်သည် ပွဲချိန် ၁၃ မိနစ်တွင် ဆွန်ဟောင်မင် ခေါင်းတိုက် ဂိုးသွင်းရန် ဖန်တီးပေးခဲ့ပြီး ၂၈ မိနစ်၌ ကိုယ်တိုင် ဂိုးသွင်းယူခဲ့သည်။ စပါးအတွက် ကျန်ဂိုးများကို လူးကပ်စ်မိုရာနှင့် ဗီနီဆီယက်စ်တို့က သွင်းယူခဲ့ပြီး လေဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရီးရဲလ်မှ အသင်းဟောင်းသို့အငှားဖြင့် ပြန်ရောက်နေသော ဂါရတ်ဘေးလ်သည် ၂၀၁၃ ခုနှစ် ဧပြီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စပါးအသင်းနှင့် ပွဲတစ်ပွဲအတွင်း ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သည်။
ဆွန်ဟောင်မင်က” ဂါရတ်ဘေးလ်နဲ့ ကျွန်တော့်ကြားမှာ တကယ်ကိုရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီးသားပါ။ သူ့အနေနဲ့ ပွဲကစားခွင့် ရလာတယ်။ ဒီနေ့ပွဲမှာဆိုရင် သူကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ သူနဲ့ တွဲဖက်ကစားရတာကိုလည်း ကျွန်တော်ပျော်ပါတယ်”ဟု ဆိုခဲ့သည်။ ဘေးလ်သည် စပါးသို့ပြန်ရောက်ပြီးနောက် ပြိုင်ပွဲစုံ ၁၇ ပွဲကစားထားရာ ငါးဂိုးသွင်းယူထားသူဖြစ်သည်။






