ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ပရိသတ်တွေ မျှော်လင့်ထားတဲ့ ရလဒ်ကောင်းတွေရယူနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး အထူးသဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ အခက်တွေ့ နေခဲ့ရပါတယ် ။
ယူနိုက်တက်တို့ဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ပွဲစဥ် 4 ပွဲ အထိ ကစားထားခဲ့ပြီး ရမှတ် 3 မှတ်သာ စုဆောင်းထားနိုင်ခဲ့ကာ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ ဂါလာတာစာရေး ၊ ဘိုင်ယန် မြူးနစ် အသင်းတွေကို အနိုင် ကစားဖို့ ကြိုးစားရတော့မှာပဲ ဖြစ်ပါတယ် ။
ဂါလာတာစာရေး အသင်းဆိုတာ ဒီရာသီ လိဂ် ပြိုင်ပွဲမှာ အိမ်ကွင်း ပွဲစဥ်တိုင်း အနိုင် ကစားထားနိုင်ခဲ့တဲ့ အသင်းပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဘိုင်ယန် မြူးနစ် ဆိုတာ ဒီရာသီ ဟယ်ရီကိန်း နဲ့ အတူ ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံး ရလဒ်တွေ ရယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်း ခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကတော့ ဝေဖန်ခံနေရတာတွေကို အမှုမထားပဲ လက်ကျန် ပွဲစဥ် နှစ်ပွဲလုံးကို အနိုင် ကစားပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ထားရှိနေကြောင်း တုန့်ပြန်သွားခဲ့လိုက်ပါတယ် ။
” လက်ရှိ အုပ်စု အဆင့်မှာ ကစားနေရတဲ့ ခံစားချက်က လက်ကျန် ပွဲစဥ် နှစ်ပွဲလုံး အနိုင် ကစားပြီး နောက်တစ်ဆင့် တက်နိုင်ဖို့ မျှော်လင့်ရခြင်းပါပဲ ။ ဒီလို လုပ်နိုင်ဖို့ ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိရှိထားကြပါတယ် ။ တကယ့်ကို ခက်ခဲနေမှာပါပဲ ”
” ဒါပေမဲ့ ကျွန်တော်တို့ ဒါကို လုပ်ပြနိုင်တယ်လို့ တွေးရပါ့မယ် ။ ကျွန်တော်တို့ အတိတ်တုန်းကလည်း ခက်ခဲတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်ပြထားခဲ့ဖူးကြတယ်လေ ။ ကျွန်တော်တို့ လုပ်ပြခဲ့တာတွေ ရှိပါတယ် ။ အဲ့တာတွေကို ထပ်လုပ်ပြဖို့ ကြိုးစားရုံပါပဲ ”
” ကျွန်တော်တို့ အသင်းမှာ ဘယ်လို အရည်အသွေးတွေ ရှိလဲဆိုတာသိထားလို့ ယုံကြည်မှုကတော့ အမြဲတမ်းရှိနေတတ်ပါတယ် ။ တခါတလေတော့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ရလဒ်တွေရဖို့ ခက်ခဲပါတယ် ။ ဒါပေမဲ့ အသင်းရဲ့ အင်အားစုအပေါ် ကျွန်တော်တို့ ယုံကြည်ပါတယ် ”
” အခုက မန်နေဂျာနဲ့ ဒုတိယရာသီကို ဖြတ်သန်းနေရတာပါ ။ ဒါကြောင့် ပိုပြီး တိုးတက်စရာပဲ ရှိနေပါတော့တယ် ။ ကျွန်တော်တို့ နိုင်ပွဲတွေ ရရှိနိုင်ရေး လမ်းကြောင်း အပေါ် ရောက်ရှိဖို့ ဆက်လက် တိုးတက်ရန် လိုအပ်ပါတယ် ” လို့ ဘရူနို က ပြောကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။






