မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေး ကွင်းလယ်ကစားသမား မန်နူရယ်ယူဂါတီကို တစ်ရာသီ အငှားစာချုပ် + အပြီးသတ် ခေါ်ယူခွင့်တို့ ပါဝင်တဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ခေါ်ယူသွားဖို့အတွက် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီလို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။
ယူနိုက်တက်က ဒီနွေဈေးကွက်မှာ တိုက်စစ်ပိုင်းအတွက် ဂျိုရှုအာဇက်ခ်ဇီနဲ့ ခံစစ်ပိုင်းအတွက် ဒီလစ်ချ် ၊ ယိုရို ၊ မာဇာရာဝီတို့လို ခံစစ်ကစားသမားသစ် (၃)ဦးတို့ကို ခေါ်ယူခဲ့ပြီးနောက် ဈေးကွက်မပိတ်ခင်မှာပဲ ကွင်းလယ်ပိုင်းအတွက်ကိုလည်း ကစားသမားသစ်တစ်ဦးခန့်လောက် ထပ်မံ ခေါ်ယူသွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။

လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းအတွက် ယူနိုက်တက်က ပီအက်စ်ဂျီ ကွင်းလယ်လူ ယူဂါတီကို ပစ်မှတ်ထား ကြိုးပမ်းလာခဲ့ရာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ယူဂါတီနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု အလျင်အမြန်ပဲ ရရှိခဲ့ပေမယ့် အသင်းနှစ်သင်းကြားမှာတော့ ယူဂါတီရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး အခုအချိန်ထိ ညှိနှိုင်းနေဆဲ ရှိနေပါတယ်။
ပီအက်စ်ဂျီက ယူဂါတီကို အသင်းကနေ ရောင်းထုတ်သွားချင်နေပေမယ့် သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း၆၀လောက်အထိ တန်ကြေး သတ်မှတ်ထားတာကြောင့် ဒီပမာဏက ဒီနှစ်ဈေးကွက်ထဲမှာ ယူရို ၁၆၄သန်းခန့်လောက် သုံးစွဲထားတဲ့ ယူနိုက်တက်အသင်းအတွက် ခက်ခဲနေရပါတယ်။

ဒါကြောင့် အပြောင်းအရွှေ့ကို အလျင်အမြန် ဖြစ်ပေါ်စေဖို့အတွက် ယူဂါတီရဲ့ အေးဂျင့်ဖြစ်တဲ့
စူပါအေးဂျင့် ဂျော့မန်ဒက်စ်ကပါ ဒီအပြောင်းအရွှေ့ထဲကို ထဲထဲဝင်ဝင် ပါဝင်လာခဲ့ပြီး အသင်းနှစ်သင်းကြားကို ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ပေးလျက် ရှိနေပါတယ်။
လက်ရှိ အခြေအနေတွေအရ ယူဂါတီကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ အတော်လေး စိတ်အားထက်သန်နေသလို သူ့ကို ယူနိုက်တက်ထံ ပြောင်းရွှေ့ခွင့်ပေးဖို့ကိုလည်း ပီအက်စ်ဂျီအသင်းဆီ ဖိအားပေး တောင်းဆိုလျက် ရှိနေပါတယ်။ လက်ရှိမှာ ဈေးကွက်ပိတ်သိမ်းဖို့ကလည်း ရက်ပိုင်းလောက်သာ လိုတော့တာကြောင့် ဒီအပြောင်းအရွှေ့က ယူနိုက်တက် ကမ်းလှမ်းချင်နေတဲ့ အငှား + အပြီးသတ် ကမ်းလှမ်းမှုနဲ့ပဲ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။






