Tuesday, January 20, 2026
spot_img
spot_img

ယာဂန်ကလော့ပ် လမ်းခွဲမည့်ကိစ္စမှာ မိမိ၏အနာဂတ်အပေါ် သက်ရောက်မှုမရှိဟု ဆာလာဆို

လီဗာပူးလ်အသင်း၏ အီဂျစ်တိုက်စစ်ကစားသမား ဆာလာက နည်းပြ ယာဂန်ကလော့ပ် ရာသီကုန်တွင် လမ်းခွဲမည့် အကြောင်းကိစ္စမှာ မိမိ၏အနာဂတ်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ဟု ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော မန်စီးတီးနှင့်ပွဲအကြို ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် ဆာလာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “တစ်နေ့ကျရင် ကျွန်တော် ဒီအသင်းက ထွက်သွားမှာပါပဲ။ ဒါပေမဲ့ ကလော့ပ် လမ်းခွဲခြင်းက ကျွန်တော့်ရဲ့အနာဂတ်ကို သက်ရောက်မှုမရှိပါဘူး။ ဒါက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလွန်အရေးကြီးတဲ့ ကစားသမားတွေ လမ်းခွဲသွားခဲ့ကြပါတယ်။ နည်းပြဆိုတာကလည်း ကလပ်အသင်းအတွက် အလွန်အရေးကြီးတဲ့သူတွေဖြစ်ပြီး သူတို့လည်း လမ်းခွဲသွားကြတာပါပဲ” ဟု ဆာလာက ပြောကြားခဲ့သည်။

သို့သော် ဆာလာက ယာဂန်ကလော့ပ်လမ်းခွဲမည့် သတင်းကြားရချိန်၌ လုံးဝမျှော်လင့်မထားခဲ့ခြင်းကြောင့် အံ့အားသင့်ခဲ့ရကြောင်းလည်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အသင်းမှာ မနက်(၁၀)နာရီခွဲ အစည်းအဝေးလုပ်လေ့မရှိပါဘူး။ အဲဒီနေ့က မနက်(၁၀)နာရီခွဲလုပ်မယ်ဆိုတော့ ဘာလဲလို့ တွေးမိခဲ့တယ်။ လေ့ကျင့်ရေးကွင်းမှာ နည်းပြရဲ့ အေးဂျင့်ကို တွေ့တော့ စာချုပ်သစ်ချုပ်ဖို့ဖြစ်မယ်လို့ပဲ တွေးခဲ့တယ်။ အစည်းအဝေးမစခင် (၅)မိနစ်အလိုမှာ ဗန်ဒိုက်က ဘာအကြောင်းအရာအတွက် အစည်းအဝေးလုပ်မှာလဲဆိုတာ မင်းသိလားလို့ မေးတယ်။ မသိဘူးလို့ ပြန်ဖြေတော့ သူက နည်းပြ ထွက်တော့မယ်လို့ ပြန်ပြောတယ်။ တကယ်လား ဘာကြောင့်လဲလို့ ထပ်မေးတော့ ဘာကြောင့်မှမဟုတ်ဘူးလို့ ပြောတယ်။ နောက်တော့ နည်းပြ ရောက်လာပြီး ကျွန်တော်တို့ကို အသိပေးခဲ့တာပါ။ ကျွန်တော်တို့အတွက်ရော ကလပ်အသင်းအတွက်ပါ ထိတ်လန့်ဖွယ်နေ့ရက် ဖြစ်ခဲ့ပါတယ်”ဟု ဆာလာက ပြောကြားခဲ့သည်။

ဆာလာသည် လီဗာပူးလ်အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီကတည်းက ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်း၏ ကမ်းလှမ်းမှုခံခဲ့ရသော်လည်း လီဗာပူးလ်အသင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။

သို့သော် လာမည့်နွေရာသီ၌ လီဗာပူးလ်အသင်းကို ကျောခိုင်းဖွယ်ရှိကြောင်း ထင်ကြေးပေးခံထားရပြီး ယခုအခါ ယာဂန်ကလော့ပ် မရှိတော့ပါက အသင်းကိုစွန့်ခွာရန် ပိုမိုသေချာသွားပြီဟုလည်း သုံးသပ်ခံထားရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments