ယခုတစ်ပတ်စတင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပွဲစဉ်များမတိုင်မီ စပိန်လာလီဂါပွဲစဉ် (၉)အပြီး နေရာအလိုက်စွမ်းဆောင်ရည်အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာ ထိပ်သီး (၃)သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် အက်သလက်တီကိုအသင်းတို့မှ (၂)ဦးစီဖြင့် အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။
နာမည်ကျော်အားကစား ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် WhoScored.com မှထုတ်ပြန်ခဲ့သည့် ကစားသမားတစ်ဦးချင်းစီ၏ ပွဲကစားချိန်နှင့် စွမ်းဆောင်ရည်ရမှတ်များအပေါ်မူတည်၍ တွက်ချက်ထုတ်ပြန်ခဲ့သော ၂၀၂၃- ၂၄ ရာသီ လာလီဂါပွဲစဉ် (၉)အပြီး အကောင်းဆုံးအသင်းစာရင်းတွင် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ဦးဆောင်နေသည့် ရီးယဲလ်မက်ဒရစ်အသင်းမှ ကွင်းလယ်လူများဖြစ်သည့် ဘယ်လင်ဟမ်နှင့် ဗယ်လ်ဗာဒီတို့နှစ်ဦးပါဝင်ခဲ့ပြီး အမှတ်ပေးဇယား တတိယနေရာတွင်ရပ်တည်နေသည့် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းမှ နောက်ခံလူ (၂)ဦး ဖြစ်သည့် ကန်ဆယ်လိုနှင့် ခွန်ဒဲတို့ပါဝင်ခဲ့သည်။

ထို့ပြင် တစ်ပွဲလျော့ကစားထားပြီး အမှတ်ပေးဇယားအဆင့် (၄) နေရာတွင်ရပ်တည်နေသည့် ဆီမြွန်နီ၏ အက်သလက်တီကို အသင်းမှာလည်း ဝါရင့်တိုက်စစ်မှူး ဂရီးဇ်မန်းနှင့် နောက်ခံလူ ဆမ်မြူရယ်လီနိုတို့ (၂)ဦးပါဝင်ခဲ့ကြောင်း သိရသည်။
ယခုအကောင်းဆုံးအသင်းစာရင်း၏ ထူးခြားမှုအနေဖြင့် ပွဲစဉ် (၉)ပွဲကစားပြီးချိန်တွင် နိုင်ပွဲ (၁)ပွဲသာရရှိထားပြီး အဆင့် (၁၉)နေရာတွင် ရပ်တည်နေသည့် ဂရန်နာဒါအသင်းမှ တိုက်စစ်မှူး လူးကပ်စ်ဘိုယီနှင့် တောင်ပံကစားသမား ဘရိုင်ယန်ဇာရာဂိုဇာတို့နှစ်ဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။
ဘရိုင်ယန်ဇာရာဂိုဇာသည် ယခုရာသီတွင် ဂရန်နာဒါအသင်းအတွက် လာလီဂါတွင် သွင်းဂိုး (၅)ဂိုးအထိ သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်ပေးထားသလို၊ ဘိုယီမှာလည်း သွင်းဂိုး (၂)ဂိုးနှင့် ဂိုးဖန်တီးမှု (၂)ကြိမ်ပြု လုပ်ပေးထားနိုင်သူဖြစ်သည်။

အခြားကစားသမားများအဖြစ် အမှတ်ပေးဇယားအဆင့် (၂)နေရာတွင်ရပ်တည်နေသည့် ဟီရိုနာအသင်းမှ နောက်ခံလူ ဒေးဗစ်လိုပက်ဇ်၊ ဆိုစီဒက်အသင်းမှ ဂျပန်တောင်ပံကစားသမား ကူဘိုနှင့် ဘီလ်ဘာအိုဝါရင့်ဂိုးသမား အူနိုင်းဆိုင်မွန်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ယခုရာသီ လာလီဂါပွဲစဉ် (၉)အပြီး စွမ်းဆောင်ရည်ရမှတ်အမြင့်ဆုံး ကစားသမားအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါ (၈)ပွဲကစားထားရာတွင် သွင်းဂိုး (၈)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ကာ တစ်ပွဲပျမ်းမျှရမှတ် (၈.၃) မှတ်အထိရရှိခဲ့သည့် အင်္ဂလန်ကြယ်ပွင့်ကွင်းလယ်လူ ဘယ်လင်ဟမ်က ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့သည်။






