ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အပြီးတွင် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို သဘောမတူဘဲ စောဒကတက်မှုဖြင့် အဝါကတ်ပြသခံရမှု (၆၁)ကြိမ်အထိရှိခဲ့ကြောင်း သိရှိရသည်။
Mail Sport ၏ It’s All Kicking Off Podcast အစီအစဉ်တွင် အစီအစဉ်တင်ဆက်သူများအဖြစ် ပရီးမီးယားလိဂ်ဂန္ထဝင် ခရစ္စဆပ်တန်နှင့် အားကစားကလောင်ရှင် လေဒီမန်း တင်ဆက်ခဲ့ကြပြီး ပရီးမီးယားလိဂ်တွင် ဒိုင်လူကြီးများကို စောဒကတက်မှုဖြင့် အဝါကတ် (၆၁)ကြိမ်အထိ ပြသခံရခြင်းမှာ စိုးရိမ်စရာကောင်းကြောင်း ပြောကြားခဲ့ကြသည်။

ဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်ကို သဘောမတူဘဲ စောဒကတက်မှုဖြင့် အဝါကတ် ပြသခံရမှုအများဆုံးအဖြစ် ဖူလ်ဟမ်အသင်းက အဝါကတ် (၁၁)ကတ်ဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး ၎င်းတို့ နောက်တွင် နယူးကာဆယ်နှင့် စပါးအသင်းတို့က အဝါကတ် (၈)ကတ်စီ ဖြင့် ဒုတိယနေရာတွင် ပူးတွဲရပ်တည် နေကြောင်း သိရသည်။ မန်စီးတီးနှင့် အဲဗာတန်အသင်းတို့မှာ ဒိုင်လူကြီးကို စောဒကတက်မှုဖြင့် အဝါကတ် (၁)ကြိမ်သာ ပြသခံခဲ့ရပြီး အနည်းဆုံးဖြစ်ကြောင်း သိရသည်။
ဒိုင်လူကြီးများကို စောဒကတက်မှုကြောင့် အဝါကတ်ပြသခံရသူများတွင် ကစားသမားများသာမက နည်းပြနှင့် နည်းပြအဖွဲ့ဝင်များပါ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ယခုနှစ်ပိုင်းတွင်း အင်္ဂလန်ဘောလုံးလောကတွင် ဒိုင်လူကြီးများအနေဖြင့် ဆဲဆိုခံရမှု၊ ကိုယ် ထိလက်ရောက်ကျူးလွန်ခံရမှုများ ပိုများကြောင်းလည်း သိရှိရသည်။






