Tuesday, January 13, 2026
spot_img
spot_img

ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်အသင်းရရှိနိုင်သည်ဟု ဝေါလ်ကော့ သုံးသပ်ခဲ့ပြီး လာမည့်ရာသီအတွက် မိမိ၏ဖေးဘရိတ်အသင်းဖြစ်သည်ဟု ရက်နက်ပ် ဆို

အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမားဟောင်း ဝေါလ်ကော့က ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်အသင်း ရရှိနိုင်သေးသည်ဟု သုံးသပ် ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝုလ်ဗ်ကို အနိုင်ယူပြီးနောက် မန်စီးတီးထက်တစ်ပွဲပိုကစားကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် အာဆင်နယ်အသင်း ချန်ပီယံဖြစ်နိုင်သေးသလားဟု မေးမြန်းခဲ့ရာ ဝေါလ်ကော့က “ဖြစ်နိုင်ပါတယ်။ လက်ရှိကစားသမားတွေက သမိုင်းဖန်တီးဖို့ စိတ်အားထက်သန်နေကြပါတယ်။ ပြိုင်ဘက်တွေမှာလည်း အမှတ်လျော့နိုင်တဲ့ပွဲတွေ ရှိနေတာကြောင့် အာဆင်နယ်အသင်းမှာ အခွင့်အရေးရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် လက်ကျန်(၅)ပွဲတွင် ချယ်လ်ဆီး၊ စပါး၊ မန်ယူ စသည့် ထိပ်သီးပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် ချန်ပီယံပြေးလမ်းပေါ်မှ အသင်း(၃)သင်းထဲတွင် ပွဲအကျပ်ဆုံးအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ကြောင့် မန်စီးတီးနှင့် လီဗာပူးလ်အသင်းများကို ကျော်ဖြတ်ပြီး ချန်ပီယံဆုရယူနိုင်ရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း သုံးသပ်နေကြသော်လည်း ဝေါလ်ကော့က အခွင့်အရေးရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝေါလ်ကော့နှင့်အတူ တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည့် လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း ဂျေမီရက်နက်ပ်ကမူ အာဆင်နယ်အသင်းသည် လာမည့်ရာသီအတွက် မိမိ၏ ဖေးဘရိတ်အသင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဂျေမီရက်နက်ပ်က “လာမယ့်ရာသီမှာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိမယ်လို့ ကျွန် တော်ထင်ပါတယ်။ သူတို့မှာ ဒီလိုအစွမ်းအစ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့က နှစ်တိုင်း တိုးတက်နေပါတယ်။ နွေရာသီမှာ ကစားသမားသစ်တွေ ထပ်ဖြည့်နိုင်ခဲ့မယ်ဆိုရင် သူတို့ ကောင်းသထက်ကောင်းလာမယ်လို့လည်း ထင်ပါတယ်။ ဒီရာသီမှာ ဘာတွေဖြစ်မလဲဆိုတာ ကျွန်တော် ဂရုမစိုက်ပါဘူး။ လာမယ့်ရာသီမှာ သူတို့က ကျွန်တော့်ရဲ့ ဖေးဘရိတ်အသင်းအဖြစ် ဆက်ရှိနေမှာပါ” ဟု ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီမှစ၍ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည် စိန်ခေါ် နိုင်ခဲ့ပြီး အလားအလာကောင်းများ ပိုင်ဆိုင်ခဲ့သော်လည်း ရာသီအဆုံးသတ်ချိန်တွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ ယခုရာသီတွင် ချန်ပီယံဆုကို ထပ်မံစိန်ခေါ် နိုင်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရလျှင်ပင် အသင်းတာဝန်ရှိသူများက လာမည့်နွေရာသီတွင် အကြီးစားအားဖြည့်ပြင်ဆင်မှုများ ထပ်မံပြုလုပ်ပေးရန် စီစဉ်နေကြောင်း သတင်းထွက်နေသည်။ အသင်းပိုင်ရှင် ကရွန်ကီ မိသားစုက အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း(၂၀၀) ဝန်းကျင် ထုတ်ပေးရန် စီစဉ်ထားပြီး နည်းပြ အာတီတာက ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦး၊ ကွင်းလယ်ကစား သမားတစ်ဦးနှင့် ဘယ်နောက်ခံလူတစ်ဦး ခေါ်ယူရန် အဓိကပစ်မှတ်ထားနေကြောင်းလည်း သိရသည်။ အာဆင်နယ်အသင်းသည် နယူးကာဆယ်အသင်းမှ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်နှင့် ခရစ္စတယ်ပဲလေ့စ်အသင်းမှ ကွင်းလယ်တိုက်စစ်ကစားသမား အိုလီဆေးတို့ကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်းလည်း သတင်းထွက်နေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments