လီဗာပူးလ်အသင်းသည် အသင်း၏ကွင်းလယ်ပြဿနာကို ဖြေရှင်းရန်အတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် မော်ရိုကိုကွင်းလယ်ကစားသမား အမ်ရာဘတ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ကာ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အသက် (၂၆) နှစ်အရွယ်ရှိ အမ်ရာဘတ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်သည့် ပထမဆုံးအာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သော မော်ရိုကိုအသင်းတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်သည်။
ကမ္ဘာ့ဖလားတွင် ပြသခဲ့သည့် ခြေစွမ်းကြောင့် အမ်ရာဘတ်ကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး ယင်းထဲတွင် လီဗာပူးလ်အသင်းက ထိပ်ဆုံးမှပါဝင်နေခြင်းဖြစ်သည်။

Foot Mercato ၏ ဖော်ပြချက်အရ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် အမ်ရာဘတ်၏အေးဂျင့်နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိတွင်လည်း အပြောင်းအရွှေ့အတွက် ဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ကွင်းလယ်ပြဿနာများနှင့်ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့တွင် ဂျူဗင်တပ်စ်အသင်းမှ ဘရာဇီးလ်ကွင်းလယ်ကစားသမား အာသာကို အငှားဖြင့် ခေါ်ယူခဲ့ရသည်အထိ အခြေအနေဆိုးရွားခဲ့သည်။
သို့သော် အာသာမှာ ဒဏ်ရာရနေခြင်းကြောင့် လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီတွင် ကွင်းလယ်ကစားသမားသစ်ထပ်ခေါ်ရန် ဆန္ဒပြင်းပြနေပြီး ကလော့ပ်သည် ဒေါ့မွန်လူငယ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်နှင့်အပြိုင် အမ်ရာဘတ်ကို အဓိကပစ်မှတ်အဖြစ်ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ဖီအိုရင်တီးနားအသင်းသည် အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် အမ်ရာဘတ်အတွက် ပေါင် သန်း (၄၀)အလိုရှိနေကြောင်း သိရသည်။
အမ်ရာဘတ်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေပြီး လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လိုနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။






