မန်ယူအသင်းသည် ချဲလ်ဆီးကွင်းလယ်ကစားသမား မေဆင်မောင့်ကိုခေါ်ယူရေးတွင် များစွာနီးစပ်နေပြီဖြစ်သည်။ မန်ယူသည် ချဲလ်ဆီးကွင်းလယ်လူမောင့်အားခေါ်ယူရေးတွင် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားပြီဖြစ်သည်။
မောင့်သည် မန်နေဂျာသစ် ပိုချက်တီနိုလက်ထက်တွင် အသင်းမှ ပထမဦးဆုံးထွက်ခွာမည့် ကစားသမား ဖြစ်လာနိုင်သည်။

ချဲလ်ဆီးအကယ်ဒမီထွက် မောင့်သည် အသင်း၏တိုက်စစ်တွင် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ပိုချက်တီနိုက ၎င်းကိုဆက်ထိန်းထားလိုသော်လည်း စတန်းဖို့ဘရစ်ချ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းဆန်ခဲ့သည်။ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့သောကြောင့် မောင့်အား ရောင်းချရန် ချဲလ်ဆီးက ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။
လီဗာပူးနှင့် အာဆင်နယ်တို့က မောင့်ကိုစိတ်ဝင်စားသော်လည်း ၎င်းက အိုးထရက်ဖို့ကို ဦးစားပေး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မန်ယူသည် ပြီးခဲ့သည့်ကြာသပတေးနေ့ကစပြီး မောင့်ကိုခေါ်ယူရေး ဆွေးနွေးခဲ့ခြင်းဖြစ်ကာ ဆွေးနွေးမှုမှာ လျင်လျင်မြန်မြန် တိုးတက်ခဲ့သည်။

မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယားသည် အသင်းကို စွန့်ခွာရန် အလားအလာများနေပြီး လာမည့်စနေနေ့တွင် မန်စီးတီးနှင့် ကစားမည့် အက်ဖ်အေဖလား ဗိုလ်လုပွဲသည် ၎င်း၏ မန်ယူကစားသမားဘဝ နောက်ဆုံးပွဲဖြစ်လာနိုင်ကြောင်း သတင်းများက သုံးသပ်ဖော်ပြသည်။






