Monday, February 9, 2026
spot_img
spot_img

မေဂျာလိဂ် ပြောင်းဖို့ထက် ချဲလ်ဆီးမှာသာ နေရာ တနေရာ ရဖို့ တိုက်ပွဲဝင်သွားလိုတဲ့ အူဘားမီးယန်း

ချဲလ်ဆီး အသင်းရဲ့ ဂါဘွန် လက်ရွေးစင် ဝါရင့်တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မေဂျာလိဂ်ကလပ် LAFC ထံမှ ၆လ အငှား ကမ်းလှမ်းမှု ရခဲ့ပြီး ၊ ဥရောပ မီဒီယာ အချို့ရဲ့ ဖော်ပြချက် အရ ၄င်းကို ခေါ်ဖို့ ကလပ် ၂သင်း အကြား သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ် ။

သို့ပေမယ့် ကစားသမား ဖြစ်သူ ကိုယ်တိုင်ကတော့ အသက် ၃၃နှစ် အရွယ် ရှိပြီဖြစ်သည့်တိုင် ၊ ဥရောပ ဘောလုံး လောက အတွင်း ကျင်လည် ကစားနိုင်စွမ်း ရှိသေးတယ်လို့ ယူဆနေဆဲ ဖြစ်ပါတယ် ။ ဒီအတွက်ကြောင့် လောလောဆယ်မှာ အမေရိကန် မေဂျာလိဂ်လို ကမ္ဘာ တလွှားက ပရိသတ်တွေနဲ့ အလှမ်းဝေးတဲ့ လိဂ်တလိဂ်ဆီ ပြောင်းရွှေ့ဖို့ စိတ်မပါနေပါဘူး ။

The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် မတ်လောရဲ့ အဆိုအရ အူဘားမီးယန်း ဟာ မေဂျာလိဂ်သို့ ပြောင်းရွှေ့ဖို့ထက် ၊ ကစားခွင့် နည်းမှာ သိသိလျက်နဲ့ ချဲလ်ဆီးမှာသာ ပေတေပြီး နေရာ တနေရာ အတွက် ဆက်လက် တိုက်ပွဲဝင်လိုကြောင်း သိရပါတယ် ။

ပြီးခဲ့တဲ့ အပတ်က ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် အတွက် အပြီးသတ် ကစားသမား စာရင်း ထုတ်ပြန် ကြေညာတဲ့ အထဲ အူဘားမီးယန်း တယောက် ပါဝင်ခဲ့ခြင်း မရှိတာကြောင့် ၊ ယခုနှစ် ဘောလုံးရာသီကုန်တာနဲ့ အသင်းပြောင်းရတော့မယ် ဆိုတာ ပိုပြီး သိသာထင်ရှားစေခဲ့ပါတယ် ။

သို့ပေမယ့် အူဘားမီးယန်းဟာ mid-season အတွင်း မေဂျာလိဂ်သို့ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားတာကြောင့် ၊ LAFC ဖက်မှလည်း ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ ကိစ္စ သဘောတူညီမှု ရယူပြီးသည့်တိုင် ၊ ကစားသမားက ကိုယ့်ဖက်ပါလာအောင် ဆွဲဆောင်ရ ခက်နေပါတယ် ။

လက်ရှိအချိန်မှာ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရသည့်တိုင် ၊ အူဘားမီးယန်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေကြတဲ့ ဥရောပ ကလပ် အချို့ ရှိတာကို ကောင်းကောင်းကြီး သတိပြုမိထားပါတယ် ။

ယင်းဂါဘွန်းသားကို ပြီးခဲ့တဲ့ နွေရာသီ Deadline Day မှာ လမ်းခွဲခဲ့တဲ့ အသင်းဟောင်း ဘာစီလိုနာ အပြင် ၊ ချဲလ်ဆီးနဲ့ ဆက်ဆံရေးကောင်းတွေ ရှိတဲ့ အေစီမီလန် ၊ အက်သလက်တီကို အသင်းတွေကလည်း ခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိပါတယ် ။

ချန်ပီယံလိဂ် ကစားခွင့် မရှိတော့ပေမယ့် ပရီးမီးယားလိဂ် လက်ကျန် ၁၇ပွဲမှာ အခွင့်အရေး ရရင် ရသလောက် ကြိုးစား အားထုတ်ချင်သေးတာကြောင့် အူဘားမီးယန်းဟာ ပွဲထွက်ခွင့် မဟုတ်ရင်တောင် ၊ ကစားခွင့် တခုခု ရရန် တိုက်ပွဲဝင်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ် ။

တဖက်မှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာကလည်း ပြီးခဲ့တဲ့ အပတ်က ချန်ပီယံလိဂ် အပြီးသတ် လူစာရင်းကနေ အူဘားမီးယန်းကို ချန်လှပ်ခဲ့သည့်တိုင် ၊ ၄င်းဟာ အနည်းဆုံးတော့ ယခုနှစ် ရာသီကုန်တဲ့ အထိ ချဲလ်ဆီး အသင်းသား တဦး အဖြစ် ဆက်ရှိနေမယ်လို့ အတည်ပြုခဲ့ပါသေးတယ် ။

မနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း ဂရေဟမ် ပေါ်တာက အူဘားမီးယန်း မေဂျာလိဂ်သို့ ပြောင်းရွှေ့ဖို့ ကောလဟလတွေ ထွက်နေခြင်းနဲ့ ပတ်သက်ကာ ဖြေရှင်းတဲ့ အနေနဲ့ ” ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော့မှာ ဘာမှပြန်ကြားစရာ မရှိပါဘူး ။ သူဟာ ကျွန်တော်တို့နဲ့ အတူ ထရိန်နင် ကောင်းကောင်းဆင်းနေပါတယ် ။ ”

” သူဟာ တကယ်ကောင်းတဲ့ ပရော်ဖက်ရှင်နယ် တဦး ဖြစ်ပြီး ၊ သူ့အသင်းဖော်တွေကို ထောက်ပံ့ အားပေးနေဆဲပါ ။ ကျွန်တော် မျှော်မှန်းထားသလို သူ အရာရာ ကြိုးစားပြနေဆဲပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ပြီးခဲ့တဲ့ အပတ် ဖူလ်ဟမ်နဲ့ ပွဲမှာ အရန်စာရင်းတောင် မပါခဲ့တဲ့ အူဘားမီးယန်း တယောက် ယနေ့ည ဝက်စ်ဟမ်းနဲ့ ပွဲအတွက် ကစားသမားစာရင်းမှာ ပြန်လည် ပါဝင်လာမလား ဆိုတာကလည်း စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments