အီတလီ က ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ် အသင်းဟာ အတ္တလန်တာ အသင်း ရဲ့ တိုက်စစ်မှူး Rasmus Hojlund ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှု လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။
အသက် ၂၀ အရွယ် တိုက်စစ်မှူး Rasmus Hojlund ဟာ ပြီးခဲ့တဲ့ နှစ် ဩဂုတ်လကမှ Strum Graz အသင်း ကနေ စီရီးအေ ကလပ် အတ္တလန်တာ အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၇ သန်း နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး ရောက်ရောက်ချင်းမှာပဲ အသင်း အတွက် အကျိုးပြု ထားနိုင်တဲ့ ကစားသမားပါ ။
ပြီးခဲ့တဲ့ နှစ်ကမှ နိုင်ငံ လက်ရွေးစင် အသင်း ဒိန်းမတ် အတွက် ပွဲဦးထွက် ကစား ခွင့်ရထားတဲ့ Rasmus Hojlund ဟာ ဒီရာသီမှာ အတ္တလန်တာ အသင်း အတွက် ၁၁ ပွဲ ပွဲထွက် ကစားထားရာမှာ ၆ ဂိုး သွင်း ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ် ။

La Repubblica ကတော့ အာဆင်နယ် အသင်းဟာ ဒိန်းမတ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ရဲ့ စီရီးအေ စွမ်းဆောင်ရည်ကို အနီးကပ် စောင့်ကြည့် နေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူဖို့ စဉ်းစား သုံးသပ် နေတယ်လို့ ရေးသား ဖော်ပြလိုက်ပါတယ် ။
Rasmus Hojlund ကို ခေါ်ယူချင်တဲ့ အသင်းက အာဆင်နယ် တသင်းတည်းတော့ မဟုတ်ဘဲ ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲလ်မက်ဒရစ် အသင်းကလည်း တိုက်စစ်မှူး ဘန်ဇီးမား ရဲ့နေရာကို အစားထိုးဖို့ရာ စောင့်ကြည်လျက် ရှိနေတယ်လို့ La Repubblica ကပဲ ဆိုပါတယ် ။
ဒါပေမယ့်လည်း Rasmus Hojlund ဟာ အတ္တလန်တာ အသင်းနဲ့ စာချုပ် သက်တမ်း ၄ နှစ်တောင် ကျန်ရှိနေသေးတာကြောင့် ပြောင်းရွှေ့ကြေး က နည်းဖို့တော့ မရှိပါဘူး ။ အတ္တလန်တာ အသင်း ရဲ့နည်းပြ ဂက်စ်ပါရီနီ ကတော့ Rasmus Hojlund ဟာ အာလင် ဟာလန်း နှင့် ဆင်တူတဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ဒီလ အစောပိုင်းမှာ ချီးကျူး ပြောကြား ခဲ့ဖူးပါတယ် ။

” Rasmus Hojlund က စိတ်ဓတ်လည်းကောင်း ၊ ခွန်အားလည်းရှိ ၊ ဖြစ်ချင်တဲ့ ဆန္ဒလည်း ပြင်းပြတဲ့ ကစားသမား တစ်ဦးပါ ။ ဒါတွေအပြင် သူ့ရဲ့ နည်းစနစ် ပိုင်း အရည်အသွေးကလည်း မဖြစ်မနေ အသိအမှတ်ပြုရလောက်အောင်ကို ကောင်းပါတယ် ၊ သူ ဒီထက် အများကြီး တိုးတက် ကောင်းမွန် လာဦးမယ့် ကစားသမားပါ ။ ”
” သူက ဟာလန်း နဲ့ ရုပ်ဆင်ရုံတင် မကပါဘူး ၊ စရိုက်လက္ခဏာ အရည်အချင်းတွေလည်း ဆင်တူမှု ရှိတဲ့ ကစားသမားပါ ၊ သူက သိပ်လည်း မြန်ပါတယ် ၊ မီတာ ၁၀၀ အကွာ အဝေးကို ၁၁ စက္ကန့်အောက် စံချိန်နဲ့ ပြေးနိုင်ပါတယ် ၊ ဒါတောင် သူ အရမ်းကြီး ကြိုးစား အားထုတ်ပြီး ပြေးတာ မဟုတ်ဘူးနော် ။ ”

” သူက အရပ်မြင့်ပေမယ့်လည်း သူ့ရဲ့ခြေထောက်တွေ နဲ့ လျင်လျင်မြန်မြန် ပြေးလွှား လှုပ်ရှား နိုင်သူပါ ၊ ကျနော်ကတော့ သူ ထိပ်တန်း ကစားသမား ဘဝကို ပိုင်ဆိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ၊ သူ က တနေ့ထက် တနေ့ ပိုပို သန်မာ ကောင်းမွန်လာနေတဲ့ ကစားသမားပါပဲ ။ ” လို့ ချီးကျူး ပြောကြား ထားပါတယ် ။






