ချယ်လ်ဆီးအသင်းသည် မိုနာကိုအသင်းနောက်ခံလူ ဒီဆာဆီကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာက ဖော်ပြခဲ့ကြသည်။
ချယ်လ်ဆီးအသင်းအနေဖြင့် အသက် ၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကစားသမား ဒီဆာဆီအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း (ပေါင် ၃၈ ဒသမ ၅၇ သန်း) ပေးချေရန် မိုနာကိုအသင်းနှင့် သဘောတူညီ မှုရရှိခဲ့ခြင်းဖြစ်ပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှုအပါအဝင် အသေးစိတ်အချက်အလက်များ ဆက်လက်ညှိနှိုင်းရဦးမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းတွင် ခံစစ်အတွင်းလူ ဖိုဖာနာမှာ ဒူးအရွတ်(ACL) ဒဏ်ရာ ခွဲစိတ်ကုသမှုကြောင့် လပေါင်းများစွာ အနားယူရမည်ဖြစ်ပြီး ဇန်နဝါရီတွင်ခေါ်ယူထားသည့် ဒီဆာဆီ၏ မိုနာကိုအသင်းဖော်ဟောင်း ဘာဒီယာရှီးလ်မှာလည်း ဒဏ်ရာရရှိ ထားသဖြင့် ပရီးမီးယားလိဂ်ရာသီစတင်ချိန်အမီ ကြံ့ခိုင်မှုပြည့်ဝရန် မသေချာကြောင်း သိရသည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် မိုနာကိုအသင်းအတွက် သုံးရာသီအတွင်း ၁၂၉ ပွဲကစား၊ ၁၀ ဂိုးနှင့် ပြင်သစ်အသင်းအတွက် လေးပွဲကစားခွင့်ရရှိထားသူ ဒီဆာဆီကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ချယ်လ်ဆီးအသင်းသည် ရန်းစ်အသင်း၏ ဆယ်ကျော်သက် ပြင်သစ်ကွင်းလယ်လူ အူဂိုချူ(၁၉ နှစ်)ကိုလည်း ပေါင် ၂၃ ဒသမ ၁ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ၎င်းကိုမူ ပြန်လည်အငှားချထားဖွယ်ရှိနေသည်။






