Wednesday, January 14, 2026
spot_img
spot_img

မာရက်စ်ကာနဲ့ ပတ်သက်ပြီး ချဲလ်ဆီးထံသို့ မက်ဆေ့ချ် ပေးသွားခဲ့တဲ့ လက်စတာ ကြယ်ပွင့်

ချဲလ်ဆီး အသင်းဟာ မကြာခင်ကမှ အာဂျင်တိုင်းသား နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ တရားဝင် လမ်းခွဲခဲ့ပြီးနောက် ၊ အချိန်ဆွဲမနေပဲ နည်းပြသစ် ခန့်အပ်ဖို့ ရှာဖွေနေရာ ၊ လက်ရှိ လက်စတာ နည်းပြ အန်ဇို မာရက်စ်ကာဟာ ခြင်္သေ့ပြာတို့ရဲ့ နံပါတ်တစ် နည်းပြသစ် ပစ်မှတ် ဖြစ်လာပါတယ် ။

မာရက်စ်ကာ ကိုယ်တိုင်ကလည်း ချဲလ်ဆီးမှာ အလုပ်လုပ်ဖို့ စိတ်ဝင်တစား ရှိနေလို့ ၊ ၎င်းကို အလုပ် အင်တာဗျူးတဲ့အခါ အချိန် အများကြီး မယူရနိုင်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် ချဲလ်ဆီးဟာ ယင်းအီတလီသား အတွက် လက်စတာထံမှ ခွင့်ပြုချက် ရယူပြီးတာနဲ့ ဒီရက်ပိုင်း အတွင်း အင်တာဗျူးသွားဖို့ များပါတယ် ။

ပြီးခဲ့တဲ့ ရာသီကမှ ချန်ပီယံရှစ်မှာ လက်စတာ အသင်းကို စတင်ကိုင်တွယ်ကာ အဆင့် ၁ နေရာနဲ့ ချန်ပီယံဆုကို စွမ်းဆောင်ပေးပြီး ၊ ချက်ချင်း ပြန်တန်းတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို ၊ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ လက်အောက်မှာလည်း အချိန် အတိုင်းအတာ တရပ် အထိ အလုပ်လုပ်ဖူးတာကြောင့် မာရက်စ်ကာဟာ ချဲလ်ဆီး ဘုတ်အဖွဲ့ရဲ့ မျက်စိကျခြင်းကို ရရှိနေပါတယ် ။


ချဲလ်ဆီးဟာ မာရက်စ်ကာကို ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ၊ စာချုပ်ပါ လျော်ကြေး ပေါင် ၁၀သန်း ဝန်းကျင် ပေးချေရမှာ ဖြစ်ပေမယ့် ၊ ပိုချက်တီနိုတုန်းကလို ၂နှစ် စာချုပ် ပုံစံမျိုး ရေတို ချုပ်မှာ မဟုတ်ပဲ ၊ အနိမ့်ဆုံး ၃နှစ်ကနေ အမြင့်ဆုံး ၅နှစ် အထိ ချုပ်ဆိုဖွယ် ရှိတယ်လို့လည်း သိထားရပါတယ် ။


လက်စတာ ကွင်းလယ်လူ ဟယ်ရီဝင့်ခ်ကတော့ မာရက်စ်ကာရဲ့ လုပ်ရည်ကိုင်ရည်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက Sky Sports နဲ့ အင်တာဗျူးမှာ ချီးကျူးခဲ့ဖူးပြီး ၊ ၎င်းဟာ ပက်ဂွာဒီယိုလာနဲ့ အတွေးအခေါ် အယူအဆ အတော်လေး ဆင်တူတဲ့ အကြောင်း ချဲလ်ဆီးထံသို့ မက်ဆေ့ချ် သဘောမျိုး ပေးခဲ့တာ တွေ့ရပါတယ် ။

ဟယ်ရီဝင့်ခ် က ” သူဟာ ကျွန်တော် အလုပ်လုပ်ဖူးသမျှထဲ အကောင်းဆုံး မန်နေဂျာပါပဲ ။ သူဟာ တကယ် အံ့သြဖွယ်ပါပဲ ။ လူတိုင်းက သူဟာ မန်နေဂျာ အလုပ်မှာ ထိပ်တန်းအဆင့်ဆီ တက်လှမ်းလာမယ်လို့ ပြောကြပါလိမ့်မယ် ။ သူဟာ အရာရာ ပိုင်ဆိုင်ထားတာပါ ။ ”


” သူဟာ ကြီးကျယ်တဲ့ စီမံခန့်ခွဲမှု အရည်အချင်း ရှိတဲ့ မန်နေဂျာ တယောက်ပါ ။ သူဟာ နည်းစနစ်ပိုင်း အရ အံ့သြဖွယ်ကောင်းပြီး ပွဲမခင် သူပြောပြတဲ့ တချို့သော ဆုံးဖြတ်ချက်တွေ ၊ ပွဲအပေါ် မြင်တဲ့ အမြင်တွေက ကျွန်တော် ဘောလုံးမှာ တခါမှ မတွေ့ကြုံ မခံစားဖူးတဲ့ အရာတွေ ဖြစ်ပါတယ် ။ ”


” ဒီတော့ သူဟာ ဘောလုံးနဲ့ ပတ်သက်ပြီး ကျွန်တော့ရဲ့ မျက်စိအမြင်ကို အများကြီး ဖွင့်ပေးခဲ့ပါတယ် ။ သူ့ကစားပုံကလည်း ပက်ဂွာဒီယိုလာရဲ့ စတိုင်လ်မျိုးပါပဲ ။ သူဟာ ပက်ဂွာဒီယိုလာနဲ့ အချိန် အတော်ကြာ အလုပ်လုပ်ဖူးတာ ကျွန်တော် သိပါတယ် ။ ”

” အခုအချိန်မှာ ကျွန်တော် လက်စတာနဲ့ ကစားရတာ သဘောကျနေပါတယ် ။ ဒါက ကျွန်တော့ အတွက် ပြီးပြည့်စုံစွာ အလုပ်ဖြစ်နေပါတယ် ။ ဒီလို ကစားပုံမျိုး ကျွန်တော် စိတ်ဝင်စားပြီး ကစားချင်တာပါ ။ သူ ဒီကို စရောက်လာကတည်းက ကျွန်တော် အများကြီး သင်ယူခဲ့ရပြီး ၊ ရှေ့ဆက်လည်း သင်ယူသွားချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ဖူးပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments