Tuesday, January 13, 2026
spot_img
spot_img

မန်ယူအသင်း၏သမိုင်း၌ ပထမဆုံးအမှတ်ပေးပြိုင်ပွဲ ပွဲ(၅၀)တွင် နိုင်ပွဲအများဆုံး ရယူနိုင်သည့်နည်းပြအဖြစ် တန်ဟက်ဂ် မှတ်တမ်းဝင်ခဲ့ပြီး နိုင်ပွဲ(၃၀) ရရှိခဲ့ခြင်းဖြစ်ခဲ့

မန်ယူအသင်း၏လက်ရှိနည်းပြ  အဲရစ်တန်ဟက်ဂ်သည် ပထမဆုံးကိုင်တွယ်သည့် ပရီးမီးယားလိဂ်ပွဲ(၅၀)တွင် နိုင်ပွဲ (၃၀)အထိ ရယူနိုင်ခဲ့သောကြောင့် မန်ယူအသင်း၏သမိုင်း၌ ပထမဆုံးအမှတ်ပေးပြိုင်ပွဲ ပွဲ(၅၀)တွင် နိုင်ပွဲအများဆုံးရယူနိုင်သည့်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

တန်ဟက်ဂ်သည် မန်ယူအသင်းကို ၂၀၂၂ ခုနှစ် နွေရာသီတွင် စတင်တာဝန်ယူခဲ့ပြီး လက်ရှိအချိန်တွင် ပြိုင်ပွဲစုံ ပွဲ(၈၀) ကိုင်တွယ်ရာတွင် နိုင်ပွဲ(၅၀)ရရှိထားသည်။ ယင်းအနက် ပရီးမီးယားလိဂ်ပွဲပေါင်း (၅၀)ပါဝင်ခဲ့ခြင်းဖြစ်ပြီး နိုင်ပွဲ(၃၀)၊ သရေပွဲ (၆)ပွဲနှင့် ရှုံးပွဲ(၁၄)ပွဲရှိခဲ့သည်။ တန်ဟက်ဂ်သည် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားသည့် လူတန်နှင့်ပွဲတွင် မန်ယူနည်းပြဘ၀ ပရီးမီးယားလိဂ်ပွဲ(၅၀)နှင့် နိုင်ပွဲ(၃၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း၏ ဂန္ထဝင်နည်းပြ ဖာဂူဆန်မှာလည်း ပထမဆုံး ပရီးမီးယားလိဂ်ပွဲ(၅၀)တွင် နိုင်ပွဲ(၃၀) ရယူနိုင်ခဲ့သော်လည်း ၎င်းမှာ မန်ယူနည်းပြဘဝကို အင်္ဂလန်ပထမတန်းခေတ်ကတည်းက အစပြုခဲ့သူဖြစ်သောကြောင့် ပထမဆုံးကိုင်တွယ်ခဲ့သည့် ပထမဆုံးအမှတ်ပေးပြိုင်ပွဲ ပွဲ(၅၀)တွင်မူ တန်ဟက်ဂ်ကဲ့သို့ စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ဖာဂူဆန်သည် မန်ယူအသင်း၏နည်းပြအဖြစ် ၁၉၈၆ နိုဝင်ဘာ(၆)ရက်တွင် စတင်ခန့်အပ်ခံခဲ့ရပြီး နိုဝင်ဘာ(၈)ရက်၌ အောက်စ်ဖို့ဒ်ယူနိုက်တက်နှင့်ပွဲကို စတင်ကိုင်တွယ်ခဲ့ရသည်။ ဖာဂူဆန်၏ မန်ယူနည်းပြဘ၀ ပထမဆုံးအမှတ်ပေးပြိုင်ပွဲ ပွဲ(၅၀)မှတ်တမ်းမှာ (၂၁)ပွဲနိုင်၊ (၁၈)ပွဲသရေ၊ (၁၁)ပွဲရှုံးခဲ့ခြင်းဖြစ်သည်။ မန်ယူအ သင်းကို ကိုင်တွယ်ခဲ့သည့် အခြားနည်းပြများမှာလည်း ပထမ ဆုံးအမှတ်ပေးပြိုင်ပွဲ ပွဲ(၅၀)တွင် နိုင်ပွဲ(၃၀)အထိ ရယူနိုင်သူမရှိခဲ့သောကြောင့် တန်ဟက်ဂ်က နိုင်ပွဲအများဆုံးရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း၌ ပထမဆုံးပွဲ(၅၀)တွင် နိုင်ပွဲ(၃၀)နှင့်အထက် ရယူနိုင်သည့် (၉)ဦး မြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ ပရီးမီးယားလိဂ်၌ ပထမဆုံးပွဲ(၅၀)တွင် နိုင်ပွဲအများဆုံးရယူနိုင်ခဲ့သည့်နည်းပြမှာ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟို (၃၉ ပွဲ)ဖြစ်ပြီး ၎င်း၏နောက်တွင် ကွန်တီ(၃၈ ပွဲ)၊ အန်ဆယ်လော့တီ(၃၆ ပွဲ)၊ ဂွါဒီယိုလာ(၃၄ ပွဲ)၊ ပယ်လီဂရီနီ(၃၄ ပွဲ)တို့ အစဉ်အလိုက်ရပ်တည်နေပြီး ဖာဂူဆန်၊ ကီဗင်ကီးဂန်းနှင့် ဒေးဗစ်အိုလာရီတို့မှာ တန်ဟက်ဂ်နည်းတူ နိုင်ပွဲ(၃၀)စီ ရယူနိုင်ခဲ့ကြောင်း သိရသည်။ မန်ယူအသင်းတွင် စံချိန်မှတ်တမ်းသစ်ရယူနိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ တန်ဟက်ဂ်က “ဒါက ကောင်းမွန်တဲ့ အောင်မြင်ဖြစ်ထွန်းမှုတစ်ခုပါပဲ။ ဒါပေမဲ့ လက်ရှိအခိုက်အတန့်မှာ ဒီအရာနဲ့ ကျွန်တော် ဘာမှမလုပ်နိုင်ပါဘူး။ ကျွန်တော့်မှာ တခြားပူပန်စရာတွေ ရှိနေပါတယ်။ ဘာက အရေးကြီးလဲဆိုတော့ ကျွန်တော်တို့ ဒီရာသီမှာ အခုလိုမျိုး အမြဲကောင်းကောင်းမကစားနိုင်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တိုးတက်လာတာကို မြင်တွေ့ပါလိမ့်မယ်။ နောက်ဆုံးလိဂ်ပွဲ(၅)ပွဲမှာ ကျွန်တော်တို့ (၄)ပွဲအနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဘယ်ပွဲကိုမှ အနိုင်ရဖို့ မလွယ်ကူတာကြောင့် ဒီအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်ဆိုတဲ့ သင်္ကေတပါပဲ”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments