Monday, February 9, 2026
spot_img
spot_img

မန်ယူအသင်းမှ ထွက်ခွာရန် နီးစပ်နေသည့် တောင်ပံကစားသမား ဆန်ချိုကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အငှားဖြင့်ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ

ဂျူဗင်တပ်စ်အသင်းသည် မန်ယူအသင်းမှ ထွက်ခွာရန် နီးစပ်နေသည့် တောင်ပံကစားသမား ဆန်ချိုကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အင်္ဂလန်လက်ရွေးစင်အသင်း၏ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည့် ဆန်ချို(၂၃ နှစ်)သည် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး ပြန်လည်တောင်းပန်ရန် ငြင်းဆန်ခဲ့သည့်အတွက် မန်ယူအသင်းမှ ထွက်ခွာရန် နီးစပ်လာခြင်းဖြစ်သည်။

တန်ဟက်ဂ်က ၎င်းကို အသင်းလူစာရင်းမှ ချန်လှပ်ထားခဲ့ခြင်းမှာ လေ့ကျင့်ရေးကွင်း၌ စွမ်းဆောင်ရည်ကောင်း မပြနိုင်သောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ၎င်းကမူ မိမိလေ့ကျင့်ရေးကွင်းတွင် ကောင်းကောင်းစွမ်းဆောင်နိုင်ကြောင်းနှင့် မည်သူ့မှတ်ချက်စကားကိုမျှ မယုံကြည်ကြရန် ပြန်လည်တုံ့ပြန်ခဲ့သည်။

ယင်းအတွက် နည်းပြဖြစ်သူအား ပြန်လည်တောင်းပန်ရန် အသင်းဖော်များကပါ တိုက်တွန်းခဲ့သော်လည်း ဆန်ချိုက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပထမအသင်းနှင့် ပူးတွဲလေ့ကျင့်ခွင့်ပင် မရရှိတော့သည့်အခြေအနေသို့ ရောက်ရှိခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့၌ မန်ယူအသင်းမှ ထွက်ခွာရရန် သေချာနေပြီဖြစ်ကြောင်း  သုံးသပ်မှုများလည်း ရှိလာခဲ့သည်။

ယင်းအခြေအနေတွင် ဆန်ချိုကို ခေါ်ယူရန် စိတ်ဝင်စားသည့် ကလပ်အသင်းများစွာရှိသည့်အနက် အသင်းဟောင်း ဒေါ့မွန်နှင့် ဂျူဗင်တပ်စ်အသင်းတို့က အခြားအသင်းများထက် ထင်ကြေးပေးခံလာရသည်။

ဆန်ချိုသည် ၂၀၂၁ ခုနှစ်နွေရာသီတွင် ဒေါ့မွန်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင်(၇၃)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခု ပြဿနာဖြစ်ပွားချိန်တွင် အသင်းဟောင်းထံ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သတင်းထွက်လာခဲ့သည်။

သို့သော် ယခုအခါ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ပြီး စီးရီးအေ၏ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ရန် စိတ်ဝင်စားနေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

ဂျူဗင်တပ်စ်အသင်းက ဆန်ချိုကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အငှားစာချုပ်ဖြင့် ဦးစွာခေါ်ယူပြီး လာမည့် နွေရာသီ၌ ပေါင်သန်း(၆၀)ဖြင့် အပြီးသတ်ခေါ်ယူရန် စီစဉ်နေသည်ဟုလည်း ဖော်ပြခဲ့သည်။

ထို့ပြင် အငှားခေါ်ယူစဉ် ကာလတွင် လစာနှုန်းထားတစ်ဝက်ကို မန်ယူအသင်းက စိုက်ထုတ်ကျခံပေးရန် မျှော်လင့်နေကြောင်းလည်း သိရသည်။

မန်ယူအသင်းသည် ဂျူဗင်တပ်စ်အသင်းမှ အီတလီတောင်ပံကစားသမား ခီယေဆာကို ခေါ်ယူရန် စိတ်ဝင်စားနေသည့်အတွက် ဆန်ချိုနှင့် အလဲအထပ်ပြုလုပ်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ဆန်ချိုသည် သြဂုတ်(၂၆)က ယှဉ်ပြိုင်ခဲ့သော နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် လူစားဝင်ကစားသမားအဖြစ် နောက်ဆုံးပါဝင်ကစားခဲ့ပြီးကတည်းက မန်ယူအသင်းလူစာရင်းမှ ဖယ်ရှားခံခဲ့ရသူဖြစ်ပြီး မန်ယူအသင်း၏ ပြိုင်ပွဲစုံ (၈)ပွဲကို လွဲချော်ခဲ့ရခြင်းလည်းဖြစ်သည်။

ယင်းအတွက် ဘရန့်ဖို့ဒ်နှင့်ပွဲမတိုင်မီ မီဒီယာများက တန်ဟက်ဂ်အား မေးမြန်းခဲ့ရာ ”ဘာမှ အပြောင်းအလဲမရှိပါဘူး။ သူ(ဆန်ချို) မပါနိုင်သေးပါဘူး။ ဒါကြောင့် ဒီအတွက် မှတ်ချက်ပေးစရာ မရှိပါဘူး။ သူ ပါနိုင်ပြီဆိုရင် သတင်းထုတ်ပြန်ပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments