Wednesday, March 4, 2026
spot_img
spot_img

မန်ယူအသင်းနှင့် လမ်းခွဲခဲ့သည့် ဂရင်းဝုဒ်ကို ခေါ်ယူရန် ဂျရတ်၏အယ်လ်အီတီဖာအသင်းအပါအဝင် ဆော်ဒီကလပ်များ စိတ်ဝင်စားနေ

မန်ယူအသင်းနှင့် လမ်းခွဲခဲ့သည့် အင်္ဂလန်လူငယ်တိုက်စစ်ကစားသမား မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူရန် အင်္ဂလန်ဂန္ထဝင်ကွင်းလယ်လူ ဂျရတ် နည်းပြအဖြစ် ကိုင်တွယ်နေသည့် အယ်လ်အီတီဖာအပါအဝင် ဆော်ဒီ ကလပ်များက စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

အယ်လ်အီတီဖာအသင်းက ဂရင်းဝုဒ်ကို တစ်နှစ် ပေါင် ၁၀ သန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။ အယ်လ်အစ်တီဖာ အသင်းသည် ယခုအပြောင်းအရွှေ့ကာလအတွင်း လီဗာပူးလ်ကွင်းလယ်လူ ဟန်ဒါဆန်အပါအဝင် ဂျက်ဟင်ဒရီ၊ မူဆာဒမ်ဘီလီစသည့် ကစားသမားများကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။ 

အချို့သတင်းများတွင်မူ ဂရင်းဝုဒ်သည် မန်ယူနည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေသည့် ရိုးမားအသင်းသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်နေကြောင်း ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်ဇူလိုင်လအတွင်း မော်ရင်ဟိုသည် ဂရင်းဝုဒ်ထံ တိုက်ရိုက်ဖုန်းခေါ်ပြီး ရိုးမားအသင်းထံ အငှားလာကစားရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ဂရင်းဝုဒ်အားခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများထဲတွင် ဂါလာတာစာရေး၊ ဘာရှက်ဆီဟီစသည့် တူရကီ ကလပ်အသင်းများလည်း ပါဝင်နေသည်။     မန်ယူအသင်းသည် ဂရင်းဝုဒ်နှင့် လမ်းခွဲကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ဂရင်းဝုဒ်ဘက်ကလည်း ဖြေရှင်းချက်ကို လူမှုကွန်ရက်တွင် ချက်ချင်းတင်ရှိခဲ့သည်။ 

ဂရင်းဝုဒ်က သူ့အပေါ် မုဒိမ်းမှု၊ အကြမ်းဖက်မှု စွပ်စွဲချက်များကို ၎င်းအနေဖြင့် မကျူးလွန်ခဲ့သော်လည်း အမှားများပြုလုပ်ခဲ့သည်ကို လက်ခံကြောင်း ဖွင့်ဟခဲ့သည်။ 

“ကျွန်တော် နားလည်ထားတာကို ကနဦးပြောလိုပါတယ်။ လူတွေဟာ လူမှုကွန်ရက်မှာ သူတို့ မြင်တာ၊ ကြားတာတွေနဲ့ ကျွန်တော့်ကို တရားစီရင်ခဲ့ပါတယ်။ လူတွေ ယူဆချက်မှားခဲ့တယ်ဆိုတာကို သိပါတယ်။ ကျွန်တော် မလုပ်ခဲ့တဲ့အရာတွေနဲ့ စွဲချက်တင်ခဲ့တယ်။ ဖေဖော်ဝါရီမှာ စွဲချက်တွေ အားလုံးကနေ လွတ်မြောက်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ Relationship မှာ အမှားတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ကျွန်တော် လုံးဝလက်ခံပါတယ်။ ပိုကောင်းတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ကျွန်တော် ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက ဖခင်ကောင်းတစ်ဦးဖြစ်ဖို့၊ လူကောင်းတစ်ဦး ဖြစ်ဖို့ပါပဲ။ ကျွန်တော့်ရဲ့အရည်အချင်းတွေကို ကွင်းတွင်းကွင်းပြင် ပိုအပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ အသုံးချသွားမှာပါ”ဟု ဂရင်းဝုဒ်က ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments