မန်ယူအသင်း၏ အဝတ်လဲခန်းအတွင်းတွင် အသင်းသားများအပေါ်လွှမ်းမိုးမှုရှိသူများမှာ မာတီနက်ဇ် ဗာရန်းနှင့် ကာဆီမီရိုတို့ဖြစ်ကြောင်း မန်ယူကွင်းလယ်လူ ပေါ်တူဂီကစားသမား ဖာနန်ဒက်စ်က ထုတ်ဖော်ချီးမွမ်းလိုက်သည်။
ကာဆီမီရိုနှင့် မာတီနက်ဇ်တို့သည် နှစ်ဦးပေါင်းပြောင်းရွှေ့ကြေးပေါင်သန်း ၁၁၀ ဖြင့်ပြီးခဲ့သည့် နွေရာသီက အိုးထရက်ဖို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဗာရန်းသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် မန်ယူသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အဆိုပါကစားသမားသုံးဦးနှင့် ဖာနန်ဒက်စ်တို့သည် မန်ယူအသင်းတွင် ခေါင်းဆောင်များဖြစ်ကြကြောင်း သတင်းများက ဖော်ပြသည်။

အဆိုပါကစားသမားသုံးဦး၏ အသင်းကို ဦးဆောင်နိုင်မှုစွမ်းရည်အား ဖာနန်ဒက်စ်က ထုတ်ဖော်ပြောဆိုခဲသည်။ ဖာနန်ဒက်စ်က “ကာဆီမီရိုက အသင်းရဲ့ခံစစ်ကို အကာအကွယ် ပေးထားမယ်ဆိုတာသိတာကြောင့် ကျွန်တော့်အနေနဲ့ရှေ့တက်ထိုးဖောက်ကစားဖို့ ပိုပြီး ယုံကြည်ချက်ရှိလာပါတယ်။ ဒါကြောင့် ပြိုင်ဘက်ဧရိယာထဲပိုရောက်သလို ဂိုးသွင်းခွင့်တွေလည်း ပိုရလာပါတယ်။ သူက အင်္ဂလိပ်လို သိပ်မပြောတတ်သေးပေမယ့်လည်း ဘောလုံးဘာသာဗေဒနဲ့ အသင်းဖော်တွေကို ဆက်သွယ်နိုင်ပါတယ်။ လိုအပ်တဲ့အချိန်မှာအကူအညီပေးပြီး အသင်းဖော်တွေကို ကာဆီမီရိုကဖြည့်ကစားပေးလေ့ရှိပါတယ်။ ကာဆီမီရိုက စိတ်ဓာတ်မာကျောပြီး အသင်းအတွက် အများကြီး အကျိုးပြုတဲ့ကစားသမားဖြစ်ပါတယ်”ဟု ပြောသည်။

“မာတီနက်ဇ်ဆိုတာလည်း ဘောလုံးကို အသည်းနှလုံးနဲ့ကစားတတ်တဲ့ ကစားသမားဖြစ်ပြီး အသင်းအနိုင်ရရှိရေးအတွက် အစွမ်းကုန်အားထုတ်ကြိုးပမ်းတဲ့သူဖြစ်ပါတယ်။ ဗာရန်းကတော့ သူတို့နှစ်ဦးထက်စာရင်စကားပိုပြောပြီး သူ့အကြောင်းပိုသိရပါတယ်။ လိုအပ်လာရင် အသင်းအတွက် ကြောက်စရာကောင်းတဲ့ ဦးဆောင်မှုနဲ့ အားစိုက်မှုကို ပြုလုပ်နိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဒီကစားသမားသုံးယောက်က အခုနှစ်ရာသီ မန်ယူတိုးတက်လာရေးအတွက် အဓိက ကျတဲ့ ကစားသမားတွေဖြစ်ပါတယ်”ဟု ဖာနန်ဒက်စ်က ပြောဆိုလိုက်သည်။






