ကာတာဘဏ်လုပ်ငန်းတစ်ခု၏ ဥက္ကဌအဖြစ်ဆောင်ရွက်နေသော ရှိတ်ယာဆင်ဘင်ဟာမက်အယ်လ်သာနီက မန်ယူအသင်းကို ဝယ်ယူရေးနှင့်ပတ်သက်ပြီး အပြီးသတ် ဝယ်ယူရန် ကြိုးစားနေကြောင်း ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဗြိတိန်ဘီလီယံနာသူဌေးကြီး ဆာရက်ကလစ်ဖ်နှင့် ကာတာသူဌေးကြီးတို့သည် သောကြာနေ့က သတ်မှတ်ထားသော အချိန်အတောအတွင်းမန်ယူကို ဝယ်ယူရန်ကမ်းလှမ်းမှု တစ်ခုစီပြုလုပ်ခဲ့ကြကြောင်း သတင်းများက ဖော်ပြသည်။

မန်ယူအသင်း၏ ပေါ်ပြူလာမဖြစ်သော ပိုင်ရှင်များဖြစ်ကြသည့် ဂလေဇာမိသားစုသည် အသင်းကို ၁၈ နှစ်ကြာပိုင်ဆိုင်ခဲ့ရာမှ ပြီးခဲ့သည့်နိုဝင်ဘာတွင် မန်ယူကို ပြန်ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဂလေဇာက မန်ယူကို အလုံးစုံသို့မဟုတ် တစ်စိတ်တစ်ပိုင်းသာရောင်းထုတ်ရန် စဉ်းစားနေသော်လည်း ကာတာနှင့်ဗြိတိန်မှ ကမ်းလှမ်းမှုများသည် မန်ယူကိုအပြီးသတ်ဝယ်ယူရန်သာ ကမ်းလှမ်းကြခြင်းဖြစ်သည်။







