အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက မန်ယူအသင်း ခေါ်ယူရန်ပစ်မှတ်ထားနေသည့် အသင်းတိုက်စစ်မှူး ဂျော်အိုဖေးလစ်နှင့် ဆက်ဆံရေးအဆင်ပြေပြီး အသင်းအတွက် ၎င်းကိုလိုအပ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၃) နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်ကစားသမား ဂျော်အိုဖေးလစ်သည် ယခုရာသီတွင် အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲ ပါဝင်ကစားခွင့်ရထားသော်လည်း အများစုမှာ အရန်ကစားသမားအဖြစ်သာ လူစားဝင်ကစားခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဂျော်အိုဖေးလစ်သည် အက်သလက်တီကိုအသင်းတွင် ပွဲကစားချိန်နည်းပါးခြင်းအတွက် မပျော်မရွှင်ဖြစ်နေပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာလိုနေသည်ဟု အက်သလက်တီကိုအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဂီလ်မာရင်ကိုယ်တိုင်က ထုတ်ဖော်ဝန်ခံခဲ့သည်။ ထို့ပြင် ဂျော်အိုဖေးလစ်သည် အက်လလက်တီကိုအသင်းတွင် နည်းပြ ဆီမြွန်နီနှင့်လည်း ပြဿနာများရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယင်းအခြေအနေတွင် ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းကလည်း အသင်းဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ဆုံးရှုံးခဲ့ရခြင်းကြောင့် ၎င်းနေရာတွင် ဂျော်အိုဖေးလစ်နှင့် အစားထိုးရန် ဆန္ဒရှိနေကြောင်း သိရသည်။ ဂျော်အိုဖေးလစ်သည် အက်သလက်တီကိုအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေရာ လာမည့်ဇန်နဝါရီတွင် မန်ယူအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ သို့သော် အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ဂျော်အိုဖေးလစ်မှာ မိမိတို့အသင်းအတွက် အရေးပါနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီမြွန်နီက “ကျွန်တော်တို့အနေနဲ့ အလုပ်နဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ကျွန်တော် ဒီအသင်းမှာနေတာ ကြာပါပြီ။ တစ်ခါတလေမှာ တစ်ဦးနဲ့တစ်ဦး အမြင်မတူတာမျိုး ရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် နောက်ဆုံးအချိန်အထိ လုပ်သွားမှာပါ။ အခု အသင်းမှာ ကစားသမားတိုင်းက အစွမ်းကုန်ကြိုးစားနေကြပါတယ်။ ဒါက ကျွန်တော့်အတွက် အရေးကြီးပြီး ဂျော်အိုဖေးလစ်ကလညး် အသင်းအတွက် အရေးကြီးတဲ့ကစားသမားပါ။ သူ့ရဲ့ပါရမီနဲ့ ခြေစွမ်းတွေကို ကျွန်တော်တို့အသင်းက လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။






