မန်ယူနှင့် မန်စီးတီးအသင်းတို့သည် FA ဖလားဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည်ဖြစ်ပြီး မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှင့် FA ဖလား စသည့် ဖလားသုံးလုံးချန်ပီယံအိပ်မက်အတွက် အခွင့်အရေး ရှိနေရာ မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ယင်းအခြေအနေကို တားဆီးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

”မန်ယူနိုက်တက်ပရိသတ်တွေရဲ့ ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ၁၀၀ ရာခိုင်နှုန်းထက်ပိုပြီး မလုပ်နိုင်ဘူးဆိုရင် ပရိသတ်တွေကို အားကိုးရမှာပါ။ ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံတဲ့ပွဲကို ကစားရမှာပါ။ အဲဒီပွဲက ဒီရာသီ ကျွန်တော်တို့ ကစားတဲ့ပွဲတွေထဲမှာ ပြီးပြည့်စုံတဲ့ပွဲဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။
မန်ယူအသင်းမှာလည်း FA ဖလား ရယူနိုင်ခဲ့ပါက ယခုရာသီတွင် ဖလားနှစ်လုံးအောင်ပွဲ(လိဂ်ဖလားနှင့် FA ဖလား) ရရှိသည့်အသင်း ဖြစ်လာမည်ဖြစ်သည်။








