အာဂျင်တီးနား လူမျိုး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ မနေ့ညကပဲ အိုးလ်ထရက်ဖို့ဒ်မှာ ကစားသွားတဲ့ Soccer Aid ရန်ပုံငွေပွဲကို တာဝန်ယူ ကိုင်တွယ်ပေးခဲ့ပြီး ၊ လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာတော့ ချဲလ်ဆီးသို့ တရားဝင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ် ။
လက်ရှိမှာတော့ ပိုချက်တီနိုဟာ ချဲလ်ဆီး ဘုတ်အဖွဲ့နဲ့ အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စတွေ အကြောင်း တိုင်ပင်ဆွေးနွေးမှုတွေ လုပ်လျက်ရှိပြီး ၊ ကော့ဘ်ဟမ်း လေ့ကျင့်ရေး စင်တာမှာ တရားဝင် အလုပ်လုပ်တဲ့အခါ အတိုင်းအတာ တခု အထိ အသင်းက အဆင်သင့် ဖြစ်နေဖို့ ကြိုတင်ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ် ။

ပိုချက်တီနိုနဲ့ တနိုင်ငံတည်းသား ဖြစ်တဲ့ မန်စီးတီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွဲရိုးက ယင်းတော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်းရဲ့ လူငယ်တွေကို မွေးထုတ်နိုင်တဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး ချီးကျူးရင်း ၊ ဖောင်းပွနေတဲ့ ချဲလ်ဆီး ကစားသမား အင်အားကို လျှော့ချဖို့ မဖြစ်မနေလိုအပ်ကြောင်း Stake ဝက်ဘ်ဆိုက်မှ တဆင့် အခုလို တိုက်တွန်းခဲ့ပါတယ် ။
အဂွဲရိုး က ” သူ့ရဲ့ အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုတွေက အရမ်း တန်ဖိုးရှိနိုင်ပါတယ် ။ တော့တင်ဟမ်မှာကတည်းက ဘယ်လောက်တော်လဲ ၊ လူငယ်တွေကို ဘယ်လောက်ထိ မြေမြှောက်ပေးနိုင်တယ် ဆိုတာ သူ ပြသထားပြီးပါပြီ ။ ”
” သူဟာ ကစားသမား အရေအတွက် ဖောင်းပွနေတဲ့ အသင်းကို ကိုင်တွယ်ရမယ့် အတွက် သူ့မှာ ကြီးမားတဲ့ တာဝန် တခု ရှိနေပါတယ် ။ သူ့အနေနဲ့ ဟန်ချက်ကောင်း တခုခုကို ရှာဖွေရပါမယ် ။ ချဲလ်ဆီးဟာ ရှေ့အပြောင်းအရွှေ့စျေးကွက်တွေမှာ ကစားသမားသစ်တွေ အများကြီး ခေါ်ထားသလို ၊ အသင်းမှာ အချိန်အကြာကြီး ကစားပေးနိုင်မယ့် လူငယ် ကစားသမားလေးတွေကို ဝယ်ယူတဲ့ ပေါ်လစီ တခု ကျင့်သုံးလာပါတယ် ။ ”

” ခင်ဗျားဟာ သူ့ကို ဒီအလုပ် အတွက် အချိန်ပေးရပါမယ် ။ ခင်ဗျား ရလဒ်ကောင်းတွေ မြင်ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒါ့အပြင် သူနဲ့ တနိုင်ငံတည်းသား ဖြစ်တဲ့ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကိုလည်း ပိုချက်တီနို တယောက် ပိုကောင်းလာအောင် လေ့ကျင့်သင်ကြားပေးနိုင်မယ်လို့ အဂွဲရိုးက ယုံကြည်နေပါတယ် ။
အဂွဲရိုး က ” ကျွန်တော် အရှေ့က ပြောခဲ့သလို ၊ ပေါ့ခ်ျဟာ လူငယ် ကစားသမားတွေကို အမြဲတမ်း မြေမြှောက်ပေးပါတယ် ။ အန်ဇိုဟာလည်း ဒီထဲက တယောက်ပါပဲ ။ ဒါက အင်္ဂလန်မှာ ဖြတ်သန်းရတဲ့ သူ့ရဲ့ ပထမဆုံး ဘောလုံးရာသီပါ ။ ”
” ချဲလ်ဆီးရဲ့ ရလဒ်တွေ မကောင်းခဲ့ပေမယ့် သူဟာ ပရီးမီးယားလိဂ်မှာ ရပ်တည်အခြေချနိုင်တဲ့ ကစားသမား ဆိုတာ ပြသထားပါတယ် ။ ပိုချက်တီနိုရဲ့ လက်အောက်မှာသာဆို သူ ဒီထက် ပိုပိုပြီး ကောင်းလာဖို့ပဲ ရှိပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာတော့ ချဲလ်ဆီးက ထွက်ခွာဖို့ ရည်ရွယ်ထားတဲ့ ကစားသမားတွေထဲ အပါအဝင် ဖြစ်နေတဲ့ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်ဟာ မန်စီးတီးသို့ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ် ။ အလွတ်နဲ့ ထွက်ခွာဖို့ များနေတဲ့ စီးတီး အသင်းခေါင်းဆောင် အီလ်ကိုင် ဂွန်ဒိုဂန်ရဲ့ နေရာမှာ အစားဝင်ဖွယ်ရှိတဲ့ ကိုဗာဆစ်နဲ့ ပတ်သက်ပြီးလည်း အဂွဲရိုးက အခုလိုပဲ မှတ်ချက်ပေးခဲ့ပြန်ပါတယ် ။

အဂွဲရိုး က ” ကိုဗာဆစ်ဟာ ဘောလုံး ထိန်းသိမ်းကိုင်တွယ်ပုံ အရမ်းကောင်းတဲ့ ကွင်းလယ်လူ တယောက် ဆိုတာ ကျွန်တော်တို့ သိကြပါတယ် ။ ဒါက စီးတီးလိုမျိုးပါပဲ ။ သူဟာ ရီးရဲလ်မက်ဒရစ် ၊ ချဲလ်ဆီးတို့လို အသင်းတွေမှာ ကစားဖူးတဲ့ အတွက် အတွေ့အကြုံကတော့ သေချာပေါက် ထည့်သွင်းစဉ်းစားရပါမယ် ။ ”
” အီလ်ကိုင် ( ဂွန်ဒိုဂန် ) ဘယ်လို ဆုံးဖြတ်ချက်ချမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ် ။ သူဟာ စီးတီးမှာ သော့ချက်ကျတဲ့ ကစားသမား တယောက်ပါ ။ အထူးသဖြင့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ခုမှာပေါ့ ။ ”
” သူ့ကို ကလပ်မှာ ကျွန်တော် ဆက်မြင်ချင်သေးပေမယ့် ၊ သူ ချမယ့် နောက်ဆုံး ဆုံးဖြတ်ချက် အပေါ် ကျွန်တော် လေးစားသွားမှာပါ ။ သူဟာ ကြီးကျယ်တဲ့ ပရော်ဖက်ရှင်နယ် တဦး ဖြစ်သလို ၊ ပိုကောင်းတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






