ရွိုင်ကိန်းက အခုဆိုရင် အမှတ်ပေးဇယားမှာ အာဆင်နယ် နဲ့ လီဗာပူး တို့ရဲ့ နောက်ကနေ လိုက်နေရတဲ့ မန်ချက်စတာစီးတီးရဲ့ အမှတ်ပေးဖလား အခွင့်အရေး အပေါ် စတင်သံသယ ဖြစ်လာခဲ့ပြီလို့ ဆိုလိုက်ပါတယ်။ စီးတီးဟာ မနေ့က အီတီဟတ်မှာ တော့တင်ဟမ် နဲ့ ၃ ဂိုးစီ သရေကျကာ ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့ပါတယ်။
တချိန်တည်းမှာပဲ လီဗာပူးဟာ ဖူဟမ်ကို နောက်ကျဂိုးတွေနဲ့အတူ ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ အပြင် အာဆင်နယ် ကလည်း စနေနေ့မှာ ဝုဖ်ကို ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် ဂန်းနားတို့ဟာ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပြီး လီဗာပူးကတော့ စီးတီးကို ကျော်ကာ ဒုတိယနေရာကို တက်လာခဲ့ပါတယ်။

ပွဲစဉ် ၁၄ အပြီးမှာ ထိပ်ဆုံး ၃ သင်းကြား ၃ မှတ်သာ ကွာနေပြီး ဗီလာ စပါး နဲ့ နယူးကာဆယ် တို့ကလည်း ထပ်ကြပ်မကွာ လိုက်နေပါတယ်။ စီးတီးဟာ ရာသီအစက ပရီးမီးယားလိဂ် ၄ ကြိမ်ဆက် ဆွတ်ခူးရန် ရေပန်းစားနေခဲ့ပေမယ့်လည်း မန်ယူနိုက်တက် ဂန္တ၀င် ရွိုင်ကိန်း ကတော့ အခုချိန်မှာ အခြား အသင်းတွေရဲ့ အမှတ်ပေးချန်ပီယံ ဖြစ်နိုင်မယ့် အခွင့်အရေး ကလည်း ပိုကောင်းလာခဲ့ပြီလို့ ယုံကြည်နေပါတယ်။
ကိန်းက “ကျနော် မန်စီးတီးကို ဆန့်ကျင်ပြီးတော့ မလောင်းရဲတာ သေချာပါတယ်။ ဒါပေမယ့် မန်စီးတီးတို့ ဒီရာသီ အမှတ်ပေးဖလား ဆွတ်ခူးနိုင်မယ့် အနေအထားနဲ့ ပက်သက်ပြီး ကျနော် စတင် သံသယ ဖြစ်လာပါပြီ။ အမှတ်ပေးဖလားကို ၄ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိတဲ့ အကြာင်းရင်းတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ level ၊ ဒီဆာလောင်မှု ၊ ဒီဆန္ဒ တွေကို ထိန်းထားရတာ မလွယ်လှသလို ဒဏ်ရာပြသနာတွေ ၊ အဓိက ကစားသမား တချို့ နာနေမှုတွေ ကလည်း ရှိလို့ပါ။

ဒါပေမယ့် အာဆင်နယ် နဲ့ လီဗာပူးတို့ကို ကျနော် ကြည့်လိုက်တဲ့ အခါမှာ အထူးသဖြင့် အာဆင်နယ်ဟာ အင်အားတောင့်တင်းမှု ရှိနေသလို မနှစ်က title race မှာ အတွေ့အကြုံကောင်းလည်း ရခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
ဆက်လက်ပြီး ကိန်းက စပါး အတွက် ကတော့ top 4 ၀င်ဖို့ဟာ သူတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ကိန်းက “သူတို့ အနေနဲ့ အသင်းရဲ့ ကစားသမားကောင်း တချို့ကို ပြန်ရဖို့ လိုပါတယ်။ သူတို့ ရာသီအစ တာထွက်ကောင်းခဲ့ပြီး ပြီးခဲ့တဲ့အပတ်တွေကတော့ ရလဒ်တွေ ယိမ်းယိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကစားပုံက ကောင်းခဲ့ပါတယ်။ ဇန်နဝါရီမှာ ကစားသမား ၁ ယောက် ၂ ယောက်လောက်လည်း ခေါ်သင့်ပါတယ်။
သူတို့ top 4 အတွက် ယှဉ်ပြိုင်နိုင်မှာလား? ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပေမယ့် ကျနော် သူတို့ မန်နေဂျာကို အတော်လေး သဘောကျပါတယ်။ သူ့ရဲ့ personality ဟာ ဒီအချိန်မှာ ကလပ်အတွက် အကူအညီ ဖြစ်နေပါတယ်။ top 4 ဟာ သူတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပေမယ့် စပါးဟာ ပြီးခဲ့တဲ့လတွေ အတွင်း ကြီးကြီးမားမား တိုးတက်လာခဲ့ပါတယ်။”






