မန်ယူအသင်းဆက်လက်တိုးတက်ရေးအတွက် ၎င်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက်တွင် ပိုင်ရှင်များ၏ ထောက်ခံမှုကို လိုအပ်ကြောင်း မန်ယူအသင်းမန်နေဂျာတန်းဟက်က ဖူလ်ဟမ်ကို ၂-၁ ဖြင့်အနိုင်ရရှိသော ပွဲအပြီးတွင် ပြောကြားလိုက်သည်။
မန်ယူသည် ဖူလ်ဟမ်ကို အနိုင်ရပြီးနောက် လက်ရှိဘောလုံးရာသီအကုန်တွင် ပရီးမီးယားလိဂ်၌ အဆင့် သုံးနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မန်ယူသည် ပိုင်ရှင်အပြောင်းအလဲဖြစ်ရန်လှုပ်ရှားနေပြီး လာမည့်နှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ရေးတွင် မည်သူက ပိုင်ရှင်ဖြစ်သည်ဖြစ်ပါစေ အသင်းကို အားဖြည့်ရေးအတွက် ထိထိရောက်ရောက်ပြုလုပ်နိုင်ရန် လိုအပ်ကြောင်း တန်းဟက်က ဖူလ်ဟမ်နှင့် ပွဲအပြီးတွင် ပြောကြားလိုက်သည်။

“တခြားကလပ်အသင်းတွေကလည်း နွေရာသီမှာ အားဖြည့်ကြမှာပါ။ ပရီးမီးယားလိဂ်အပါအဝင် အခြားဆုဖလားတွေကို ထိထိရောက်ရောက် စိန်ခေါ်နိုင်ဖို့ဆိုတာမှာ အသင်းကို အားဖြည့်ဖို့လိုအပ်တယ် ဆိုတာကို မန်ယူတစ်သင်းလုံးသိပြိးသားဖြစ်မယ် ထင်ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ကျန်တဲ့အသင်းတွေအားလုံးက အားဖြည့်ကြတယ်။ မန်ယူက မလုပ်နိုင်ခဲ့တာကို တွေ့ရတယ်။ ဒါပေမယ့် အဆင့်သုံးအတွင်းဝင်အောင်လုပ်နိုင်တယ် ဆိုတော့ မန်ယူအသင်းသားတွေအတွက်ဂုဏ်ယူပါတယ်”ဟု တန်းဟက်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့်ဇန်နဝါရီ အပြောင်းအရွှေ့တွင် မန်ယူသည် ဆာဘစ်ဇာ ဘတ်လန်းနှင့် ဝက်ဟော့စ်တို့ သုံးဦးကို အငှားဖြင့်သာခေါ်ယူနိုင်ခဲ့သည်။

လာမည့်စနေနေ့တွင် မန်စီးတီးနှင့်ကစားရမည့် အက်ဖ်အေဖလားဗိုလ်လုပွဲနှင့် ပတ်သက်၍ တန်းဟက်က “ဘောလုံးလောကမှာ ဘာမဆိုဖြစ်လာနိုင်တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာလည်း မန်စိးတီးကို နိုင်ထားဖူးပါတယ်။ မန်ယူက မန်စီးတီးကို နိုင်ခဲ့တဲ့ သမိုင်းတွေ အများကြီးရှိပါတယ်။ မန်ယူက အကောင်းဆုံးအသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် မန်ယူမှာ အခွင့်အရေးတစ်ခုရှိတယ်။ အဲဒီအခွင့်အရေးကို အရယူဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု ဆက်လက် ပြောဆိုလိုက်သည်။






