ဖီဖာ၏ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆု စကာတင်စာရင်းတွင် မက်ဆီ ဘာပေနှင့် ဘန်ဇီမာတို့သုံးဦး ပါဝင်နေသည်။ မက်ဆီသည် ၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းနှင့်အတူ အရယူထားနိုင်သလို ကမ္ဘာ့ဖလားတွင် ဗိုလ်လုပွဲ၌ သွင်းယူခဲ့သည့် နှစ်ဂိုးအပါအဝင် စုစုပေါင်း ၇ ဂိုးသွင်းသလို ၃ ဂိုးလည်း ဖန်တီးပေး ထားနိုင်သည်။

မက်ဆီသည် အာဂျင်တီးနားအသင်း ၃၆ နှစ်ကြာဝေးကွာခဲ့သော ကမ္ဘာ့ဖလားကိုလည်း ပြန်လည်ဆွတ်ခူးပေး နိုင်ခဲ့သလို ၎င်းပြသခဲ့သည့်ခြေစွမ်းများအရ မက်ဆီသည် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် ရပ်တည်နေနိုင်ဆဲဖြစ်ကြောင်း ပရိသတ်အများအပြားက လက်ခံထားသည်။

အာဂျင်တီးနားသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဘာပေသည် ကမ္ဘာ့ဖလားတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ ဘာပေသည် ကာတာကမ္ဘာ့ဖလားတွင် ၈ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရရှိခဲ့သည့်အပြင် ဂိုးဖန်တီးမှုလည်း နှစ်ကြိမ်ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်က ရီးရဲမက်ဒရစ်အသင်းကို ဦးဆောင်ပြီး ချန်ပီယံလိဂ်ယူပေးခဲ့သည့် ဘန်ဇီမာသည် နောက်ဆုံးအကြိမ် ချီးမြှင့်သည့် ဘလွန်းဒီအောကိုလည်း ရရှိထားသည်။ ဘန်ဇီမာသည် ထိုနှစ်ဘောလုံးရာသီတွင် ဂိုး ၅၀ သွင်းပြီး အဖြူရောင်အသင်းကို လာလီဂါချန်ပီယံဖြစ်ရေး အကောင်းဆုံးကူညီနိုင်ခဲ့သည်။ သို့ရာတွင် ဘန်ဇီမာသည် ကမ္ဘာ့ဖလားကျင်းပရန် များစွာနီးကပ်နေချိန် ကာတာသို့ ပြင်သစ်အသင်းနှင့်အတူ ရောက်ရှိပြီးမှ ဒဏ်ရာကြောင့် အိမ်ပြန်ခဲ့ရပြီး ကမ္ဘာ့ဖလားနှင့်လွဲချော်ခဲ့ရသည်။






