အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီက လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီအတွက် နောက်ဆုံးကမ္ဘာ့ဖလား မဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။

အသက်(၃၅)နှစ်ရှိပြီဖြစ်သည့် မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၎င်းအတွက် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမည်ဟု ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခြင်း ပြုမပြုကိုမူ အတိအကျပြောကြားခြင်းမရှိသေးပေ။

ယင်းအခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုကို စကာလိုနီက ”မက်ဆီရဲ့ နောက်ဆုံးကမ္ဘာ့ဖလား ဖြစ်မလာဖို့ မျှော်လင့်ပါတယ်။ သူက ဘောလုံးကွင်းထဲမှာရှိနေရင် ပျော်ရွှင်နေတဲ့သူဖြစ်ပြီး လူပေါင်းများစွာကို ပျော်ရွှင်စေသူလည်းဖြစ်ပါတယ်။ အာဂျင်တီးနားလူမျိုးတွေကိုတင် မဟုတ်ပါဘူး။ ပြီးတော့ သူ့ကို ပွဲတွေအများကြီး ကစားနိုင်အောင် ဂရုစိုက်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဘောလုံးကမ္ဘာက လိုလားတဲ့အရာလည်း ဖြစ်နေတာကြောင့်ပါ”ဟု ပြောကြားခဲ့သည်။

မက်ဆီသည် ၂၀၂၂ ကမ္ဘာ့ဖလားကို (၅)ကြိမ်မြောက် ကမ္ဘာ့ဖလားအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။
ထို့ ကြောင့် အာဂျင်တီးနားကစားသမားများထဲတွင် ကမ္ဘာ့ဖလားအကြိမ်အများဆုံး ယှဉ်ပြိုင်ခွင့်ရသူအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။






